Search
Close this search box.

အသက်အန္တရာယ်ကိုပါ ခြိမ်းခြောက်စေနိုင်သော စစ်ဆေးရေးဂိတ်များ

ဤဆောင်းပါးကို အင်္ဂလိပ်လိုဖတ်ပါ။

ဤဆောင်းပါးကို အာရှ-ပစိဖိတ်ဒေသရှိ လူငယ်ထောက်ခံအားပေးသူများကြား ဒစ်ဂျစ်တယ်အခွင့်အရေးဆိုင်ရာ ပြဿနာများနှင့် အသိပညာများ ချဲ့ထွင်နိုင်ရန် ရည်ရွယ်သည့် EngageMedia’s Youth Advocacy and Communications for Internet Freedom ပရောဂျက်၏ တစ်စိတ်တစ်ပိုင်းအနေဖြင့် ရေးသားထားပါသည်။

မှတ်ချက်- လုံခြုံရေးစိုးရိမ်မှုများကြောင့် စာရေးသူအပါအဝင် အမည်များနှင့် ရင်းမြစ်အားလုံးကို ပြောင်းလဲခြင်း၊ သိမ်းဆည်းထားခြင်း သို့မဟုတ် အမည်ဝှက်ထားခြင်းဖြစ်သည်။ ဤနေရာတွင်ကိုးကားထားသောအချက်အလက်များသည် 2023 ခုနှစ် အောက်တိုဘာလမှဖြစ်သည်။


ဒေတာသည် 2023 ခုနှစ် အောက်တိုဘာလအထိသာဖြစ်သည်။

 

၂၀၂၁ ဖေဖော်ဝါရီ အာဏာသိမ်းမှုဖြစ်စဉ်အပြီး ရဲစခန်းတွေ၊ စစ်တပ်နဲ့ပတ်သက်တဲ့ အဆောက်အအုံတွေကို ခြံစည်းရိုးအသစ်တွေ အခိုင်အခံ့ဆောက်လုပ်ပြီး ကာကွယ်မှုတွေ ပြုလုပ်ခဲ့ကြပါတယ်။ စစ်တပ်နဲ့ ရဲစခန်းဘက်က ကာကွယ်မှုအသစ်အဖြစ် သူတို့ရဲ့ မူရင်းရှိပြီးသား ခြံစည်းရိုးတွေပေါ်မှာ ဝါးချွန်တွေကိုသုံးပြီး ထပ်မံဆောက်လုပ်လာကြတာပါ။ ဒီအဆောက်အဦးတွေအတွင်းမှာ နေထိုင်ကြတဲ့ ရဲတွေ၊ စစ်သားတွေဆိုတာ ပြည်သူတွေကို အသက်ပေးပြီး ကာကွယ်ပါ့မယ်လို့ အရင်က ကြွေးကြော်ခဲ့ကြသူတွေဖြစ်ပါတယ်။ ရဲစခန်းတွေရဲ့ အဝင်ဝမှာဆိုရင်လည်း “ကူညီပါရစေ” ဆိုတဲ့ စာသားကို အထင်းသားမြင်တွေ့နိုင်ပါတယ်။ ဒါပေမယ့် အာဏာသိမ်းမှုအပြီး ရက်ပေါင်းတစ်ထောင်ကျော်အတွင်းမှာ စစ်တပ်နဲ့ ရဲတွေရဲ့ လက်ချက်နဲ့ အပြစ်မဲ့ပြည်သူ ၅၀၀၀ နီးပါးသေဆုံးခဲ့ရတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအဖွဲ့ (AAPP) ရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

စစ်တပ်ဘက်က ကွန်ကရစ်နဲ့ အခိုင်အခံ့ဆောက်ထားတဲ့ အဆောက်အဦးငယ်တွေကို မြန်မာပြည်နေရာအနှံ့မှာတွေ့နိုင်ပြီး ခြိမ်းခြောက်မှုအသွင်ဆောင်တဲ့ မြင်ကွင်းလည်း ဖြစ်ပါတယ်။ လမ်းမကြီးတွေ တလျှောက်မှာ မြင်တွေ့ရလေ့ရှိပြီး တောင့်တင်းတဲ့ ခံတပ်သဖွယ်ဆောက်လုပ်ထားတာကိုလည်း တွေ့ရမှာပါ။ အဲဒီအဆောက်အဦးငယ်တွေရဲ့ ဘေးမှာတော့ သဲအိတ်တွေ၊ သံဆူးကြိုးတွေနဲ့ အကာအကွယ်လုပ်ထားတာကိုလည်း မြင်ရပါတယ်။ ပိုပြီး သေးငယ်‌တဲ့ အဆောက်အဦးတချို့လည်းရှိပါသေးတယ်။ အဲဒီလို အသေးစားနေရာတွေကိုတော့ အစိမ်းရောင် ပိတ်စတွေကို အသုံးပြုပြီး ဆောက်လုပ်ထားမျိုးဖြစ်ပါတယ်။ သူတို့မှာ သေနတ်ပစ်လို့ရအောင် လေးထောင့်ပုံသဏ္ဍန် အပေါက်ငယ်တစ်ခု ဖောက်ထားတာကိုလည်း မြင်ရနိုင်ပါတယ်။ အဲဒီလိုအဆောက်အဦီးတွေကို စစ်တပ်ဘက်က ‌ကင်းစောင့်ဖို့ မျှော်စင်အဖြစ်အသုံးပြုကြသလို အပြစ်မဲ့ပြည်သူတွေကို ရှောင်တခင်စစ်ဆေးတာမျိုး၊ မဟုတ်မမှန်စွပ်စွဲပြီး အနိုင်ကျင့်တာမျိုး၊ မတရားဖမ်းဆီးတာမျိုးတွေလည်း လုပ်လေ့ရှိပါတယ်။

အရပ်သားပြည်သူတွေဟာ အဲဒီစစ်ဆေးရေးဂိတ်တွေကို ဖြတ်သန်းရတဲ့အခါတိုင်းမှာ အန္တရာယ်ကျရောက်နိုင်ပေမယ့် ကိုယ့်ကိုကိုယ်စတေးပြီး ဖြတ်သန်းသွားလာနေရပါတယ်။ ဘာအပြစ်မှ မလုပ်ထားပေမယ့် မှတ်ပုံတင်မှာပါတဲ့ မျဉ်းစောင်းရှေ့က နံပါတ်လေးတစ်ခုကြောင့်နဲ့လည်း ဖမ်းဆီးခံရနိုင်ပါတယ်။

စစ်ဆေးရေးဂိတ်တွေမှာ လုပ်လေ့လုပ်ထရှိတဲ့ စစ်ဆေးမှုတွေကို ကြိုတင်တွက်ဆဖို့ ခက်ပါတယ်။ ဒါပေမယ့် ပုံမှန်အားဖြင့်တော့ မှတ်ပုံတင်စစ်တာ၊ ခရီးသွားလာသူတွေရဲ့ ဖုန်းတွေကိုယူစစ်တာမျိုးတွေဖြစ်ပါတယ်။ ဖုန်းကိုစစ်တဲ့နေရာမှာ ဖုန်းထဲမှာပါတဲ့ ဓာတ်ပုံတွေနဲ့ Facebook account တွေကို စစ်ဆေးလေ့ရှိပါတယ်။ အာဏာသိမ်းခါစမှာ မြန်မာပြည်သူအများစုဟာ ဆန္ဒပြစဉ်က ဓာတ်ပုံတွေ၊ အာဏာရှင်ဆန့်ကျင့်ရေးလှုပ်ရှားမှုတွေကို Facebook မှာ တင်ခဲ့ကြတာကြောင့်ဖြစ်ပါတယ်။ စစ်သားတွေဟာ စစ်ဆေးရေးလုပ်ဖို့အတွက် ပြည်သူတွေကို ရပ်တန့်စေပြီး မချေမငံပြန်လည်ပြောဆိုတဲ့ ပြည်သူတွေကို အဲဒီနေရာမှာတင် ဖမ်းဆီးလိုက်ဖို့လည်း ဝန်မလေးကြပါဘူး။

ဒီသတင်းဆောင်းပါးရေးဖို့အတွက် ကျွန်တော်ကိုယ်တိုင် ပြည်သူတွေ၊ တက်ကြွလှုပ်ရှားသူတွေ၊ ရှေ့နေတွေနဲ့ အခြားသက်ဆိုင်သူတွေကို စစ်ဆေးရေးဂိတ်နဲ့ ပတ်သက်တဲ့ပြီး သူတို့ရဲ့အတွေ့အကြုံတွေ၊ စစ်ဆေးနေစဉ်အတွင်း စစ်တပ်ရဲ့ အခွင့်အရေးချိုးဖောက်မှုတွေအကြောင်း မေးမြန်းခဲ့ပါတယ်။

ဗမာပြည်သားများ၏ ကိုယ်ရေးကိုယ်တာ ဇာတ်လမ်းများ

အဝေးပြေးကားမောင်းတဲ့ ကားသမားတစ်ယောက်ရဲ့ ပြောပြချက်အရ စစ်ဆေးရေးဂိတ်မှာ အဓိကပစ်မှတ်ထားပြီး စစ်ဆေးခံရတာက လူငယ်တွေလို့ သိရပါတယ်။ လူငယ်တစ်ယောက်က မှတ်ပုံတင်မပါဘဲ ခရီးသွားမယ်ဆိုရင် စစ်ဆေးရေးဂိတ်ရောက်တဲ့အခါ ပုံမှန်ထက်ပိုပြီးကြာအောင် စစ်ဆေးခံရလေ့ရှိသလို ပိုပြီးလည်း တင်းတင်းကြပ်ကြပ်စစ်ဆေးပါတယ်။ အဲဒီလိုစစ်ဆေးအပြီး အပြစ်ကင်းစင်ကြောင်း သိရရင်တောင် ငွေကျပ် တစ်သောင်းကနေ တစ်သိန်းထိ တောင်းရမ်းလေ့ရှိတယ်လို့ သိရပါတယ်။

ရှေ့နေတစ်ဦးရဲ့ ပြောပြချက်အရ သူ့ရဲ့ အမှုသည်ဦးနိုင်ဟာ စစ်ဆေးရေးဂိတ်မှာ ဖုန်းအစစ်ဆေးခံရစဉ်အတွင်း စစ်သားတွေကို မချေမငံပြန်ပြောမိလို့ စစ်ကြောရေးစခန်းထိ ခေါ်ဆောင်ခံခဲ့ရတယ်လို့ သိရပါတယ်။ အာဏာသိမ်းမှုအပြီးမှာ လူတိုင်းက အာဏာရှင်ဆန့်ကျင်ရေးမှာ တစ်နည်းမဟုတ် တစ်နည်းနဲ့ ပါဝင်ခဲ့ကြတာချည်းဖြစ်ပါတယ်။ ဦးနိုင်က အာဏာရှင်ဆန့်ကျင်ကြောင်း ထုတ်ဖော်ပြောဆိုထားတာကို သူ့ရဲ့ဖုန်းထဲကိုစစ်ဆေးစဉ်အတွင်း ရဲတွေက တွေ့သွားကြပါတယ်။

“စစ်ဆေးရေးဂိတ်မှာ ဖုန်းစစ်တာမှာ ဘုကလန့်ပြောလို့ စစ်ကြောရေးကို ပါသွားတယ်။ အာဏာသိမ်းပြီးကာလ အစောပိုင်းတွေမှာ ဘယ်သူမဆို အနည်းနဲ့အများ ကူညီဖူး၊ လုပ်ဖူးကြတာတွေကို တွေ့သွားတယ်။ ဘယ်လိုပဲ ဖျက်ထားပါတယ်ပြောဦး Software နဲ့ စစ်လိုက်တဲ့အခါ သုံးထားတဲ့ အကောင့်တွေကအစ အကုန်ပေါ်သွားတယ်” လို့ အဲဒီရှေ့နေ့က ပြောပါတယ်။

ဆန္ဒပြပွဲမှာ ပါဝင်ထားတဲ့ ပို့စ်တွေ၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဓာတ်ပုံတွေ တင်ထားတာတွေကို စစ်သားတွေက တွေ့ခဲ့လို့ရှိရင် ချက်ချင်းပဲ ရိုက်နှက်ခံရတတ်တယ်လို့ စစ်ကိုင်းတိုင်းကနေ ချင်းပြည်နယ်ကို အလုပ်ကိစ္စနဲ့ မကြာခဏသွားလာရလေ့ရှိတဲ့ ကိုမျိုးကပြောပါတယ်။ တစ်ရက်တော့ ကိုမျိုးရဲ့ ခရီးသွားလာရေးမှတ်တမ်းကို စစ်သားတွေက ‌စစ်ဆေးမေးမြန်းခဲ့ပါတယ်။ အဲဒီစစ်ဆေးမှုလုပ်တဲ့နေ့က အိမ်အထိလာဖမ်းမှာကို ကြောက်လို့ ညတောင်အိပ်လို့မပျော်ဘူးလို့ ကိုမျိုးက ပြောပါတယ်။

ကိုမျိုးရဲ့ သူငယ်ချင်းတစ်ယောက်ကလည်း ဖုန်းထဲက ပုံတစ်ပုံကြောင့် ရိုက်နှက်ဖမ်းဆီးတာ ခံခဲ့ရပြီး ထောင်ဒဏ်နှစ်နှစ်အထိ အချခံခဲ့ရပါတယ်။

“တောင်ပေါ်ဒေသက စစ်ဆေးရေးဂိတ်တစ်ခုမှာ လက်မထပ်ရသေးတဲ့ အမျိုးသမီးပျိုတစ်ဦး စစ်ဆေးမှုပြုလုပ်ခံရပါတယ်။ စစ်သားတွေက အဲဒီကောင်မလေး‌ကို ခရီးဆက်မသွားစေဘဲ ဂိတ်မှာနေခိုင်းခဲ့တယ်လို့ နောက်ပိုင်း သတင်းတွေထွက်ခဲ့တယ်။ မြိုင်မြို့နယ်က စစ်ဆေးရေးဂိတ်တစ်ခုမှာဆိုရင်လည်း ကောင်မလေးတစ်ယောက်ကို စစ်သားတွေက သူတို့ကိုနမ်းခိုင်းတာမျိုး ရှိခဲ့ဖူးတယ်။ ‌ဖုန်းနံပါတ်တွေ တောင်းထားပြီး ညဘက်ကျ ဆက်တိုက်ဖုန်းခေါ်ထားမျိုးတွေပါ လုပ်တတ်ကြတယ်” လို့ ကိုမျိုးက သူ့အတွေ့အကြုံကို ပြောပြပါတယ်။

ဒေသကိုလိုက်တဲ့ ခွဲခြားဆက်ဆံမှုများ

စစ်တပ်ရဲ့ စစ်ဆေးရေးဂိတ်တွေဟာ ကိုဗစ်ကပ်ရောဂါဆိုက်ရောက်တဲ့အချိန်ကတည်းက စတင်ပေါ်ပေါက်လာတာလို့ ဆိုနိုင်ပါတယ်။ ကပ်ရောဂါကာလအတွင်းမှာ ခရီးသွားလာသူတွေဟာ မြို့အဝင်ဂိတ်တွေမှာ ကိုဗစ်ပိုးစစ်ကြရပါတယ်။ ဒေသတွင်း အချင်းချင်းပြန်လည်ကူးစက်မှုကို ကာကွယ်ဖို့အတွက် ကိုဗစ်ပိုး စစ်ဆေးမှုကို မဖြစ်မနေလုပ်ကြရတာပါ။ စစ်ဆေးရေးဂိတ်အများစုမှာ စစ်သား ငါးယောက်ကနေ ဆယ်ယောက်ဝန်းကျင်အထိ ရှိတတ်ပါတယ်။ ဒီလို စစ်ဆေးရေးဂိတ်တွေကို မြို့‌အဝင်‌ဝတွေ၊ အဝေးပြေးလမ်းမကြီးတလျှောက်နဲ့ နာမည်ကြီးပြီး လူသွားလူလာများတဲ့နေရာတွေမှာ ပိုပြီး တွေ့ရတတ်ပါတယ်။ တခါတလေ စစ်သားတွေက မထင်ရင်မထင်သလို ရှောင်တခင်စစ်ဆေးမှုတွေလည်း ပြုလုပ်တတ်ကြပါတယ်။ စစ်‌ဆေးရေးဂိတ်တွေမှာ စစ်ဆေးမှုပြုလုပ်စဉ်အတွင်း စစ်သားတွေကို ဘုကလန့်ပြန်ပြောမိရာကနေ အဖမ်းခံရတဲ့ အရပ်သားပြည်သူတွေလည်း အများအပြားပါ။

ဂိတ်တွေမှာ ဖြတ်သန်းသွားလာတဲ့သူတွေကို စစ်ဆေးမှုပြုလုပ်စဉ်အတွင်း စစ်သားတွေ အဓိကစစ်တဲ့အရာကတော့ မှတ်ပုံတင်နဲ့ ဖုန်းတွေဖြစ်ပါတယ်။ အများအားဖြင့် ၅/ နဲ့စတဲ့ မှတ်ပုံတင်ကိုင်ဆောင်သူတွေ၊ ‌ဒါမှမဟုတ် ၈/ မှတ်ပုံတင်ကိုင်ဆောင်တဲ့ပြည်သူတွေကို ပိုပြီးစစ်ဆေးလေ့ရှိကြပါတယ်။ ၅/ ဟာ စစ်ကိုင်းတိုင်းဒေသကြီးကို ကိုယ်စားပြုတဲ့မှတ်ပုံတင်ဖြစ်ပြီး ၈/ ကတော့ မကွေးတိုင်းဒေသကြီးကို ကိုယ်စားပြုပါတယ်။ အဲဒီ စစ်ကိုင်း၊ မကွေးဒေသတွေဟာ စစ်တပ်ကို အပြင်းထန်ဆုံး တော်လှန်ဆန့်ကျင်တဲ့ဒေသတွေဖြစ်သလို တိုက်ပွဲအများအပြားဖြစ်ပွားရာဒေသတွေလည်း ဖြစ်ပါတယ်။

“မြို့ပေါ်ထက် ယော၊ ဆော၊ ချင်း၊ မြိုင်၊ ပခုက္ကူတို့နှင့် ဆက်စပ်တဲ့နယ်မြေတွေမှာ စစ်ဆေးတာ ပိုကြပ်တယ်။ စစ်ဆေးရေးဂိတ်ရောက်ရင် ဖုန်းလုံးဝမသုံးရဘူး။ ဖုန်းကိုင်ထားရင်ကို ပြဿနာတက်တယ်။ တနာရီလောက် ခေါ်စစ်တတ်သလို၊ ဖုန်းသိမ်းသွားတာတွေလည်းရှိတယ်။” ဟု ရန်ကုန်မြို့တွင်နေထိုင်ပြီး နယ်လှည့်၍ ဈေးကွက်ရှာဖွေရေးလုပ်ရသည့် ကိုဖြိုးအောင် ကဆိုသည်။

စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းက ပြည်သူအများအပြားဟာ စစ်ဆေးရေးဂိတ်တွေမှာ ဖမ်းဆီးခံရပြီး‌ ပုဒ်မအမျိုးမျိုးတပ်ပြီး ထောင်ချခံရတယ်လို့ ရှေ့နေဒေါ်သီရိရဲ့ ပြောပြချက်အရ သိရပါတယ်။

“ကိုယ့်ဘဝကို ထိခိုက်စေတာကြောင့် အန္တရာယ်ဖြစ်စေမယ့် ကိစ္စတွေကို ဖုန်းထဲမှာ လုံးဝ မထားကြပါနဲ့။ ဖြစ်နိုင်ရင် ဖုန်းအသစ်လဲပါ။ အရင်သုံးခဲ့တဲ့ အကောင့်ဘာကိုမှ မသုံးပါနဲ့လို့ အကြံပေးချင်ပါတယ်” လို့ ဒေါ်သီရိက အကြံပြုပြောဆိုပါတယ်။

ကိုယ်တွေ့ကြုံရတဲ့ စစ်ဆေးရေးဂိတ်က အဖြစ်ဆိုးများ

မကြာ‌သေးခင်က မြဝတီကိုအလုပ်ကိစ္စနဲ့ခရီးထွက်ခဲ့တဲ့ ဗမာလူမျိုး အမျိုးသမီးတစ်ယောက်ကို ကျွန်တော်တို့အဖွဲ့က အင်တာဗျူးလုပ်ခဲ့တယ်။ သူက စစ်ဆေးရေးဂိတ်တွေမှာ ကြုံတွေခဲ့ရတဲ့ အခက်အခဲတွေနဲ့ အခွင့်အရေးချိုးဖောက်မှုတွေအကြောင်း ပြောပြပါတယ်။

အာဏာသိမ်းမှုမတိုင်ခင်ကတော့ ဒစ်ဂျစ်တယ်လုံခြုံရေးနဲ့ ပတ်သက်ပြီး သူက ဂရုမစိုက်ခဲ့ပါဘူး။ သူရဲ့ မွေးသက္ကရာဇ်၊ အိမ်လိပ်စာတွေကို ပေးလိုက်ဖို့လည်း ဝန်မလေးပါဘူး။ ဒါပေမယ့် အာဏာသိမ်းမှုနောက်ပိုင်း ဒစ်ဂျစ်တယ်လုံခြုံရေးနဲ့ ပတ်သက်ပြီး သူ အများကြီးပိုသိလာပြီး ပိုပြီး သတိထားလာရပါတယ်။ အခုတော့ တော်လှန်ရေးနဲ့ ပတ်သက်တဲ့ သတင်းတွေကိုလည်း သေချာစောင့်ကြည့်ဖတ်ရှုလာပါပြီ။ အဲဒီအမျိုးသမီးက တနေရာရာကို ခရီးသွားမယ်လုပ်တိုင်း Facebook, Signal နဲ့ Telegram တို့လို application တွေကို ဖျက်ပြီးသွားပါတယ်။ တချို့ app တွေက ဖျက်ပြီးတဲ့နောက်ပိုင်း အချက်အလက်တွေ ပြန်လည်ရယူနိုင်ပေမယ့် Signal လို လုံခြုံရေးမြင့်တဲ့ app တွေကတော့ ဖျက်ပြီးတဲ့နောက်ပိုင်း အချက်အလက် ပြန်လည်ရယူဖို့ မဖြစ်နိုင်ပါဘူး။ ဒါကြောင့် ခရီးတခါသွားတိုင်း app တွေဖျက်ပစ်ရတာမှု အချက်အလက်တွေ အမြဲတစေ ဆုံးရှုံးတယ်လို့ အဲဒီအမျိုးသမီးက ပြောပါတယ်။ အင်တာနက်အသုံးပြုပြီး အချက်အလက်ပြန်လည်ရယူတဲ့ ဝန်ထုပ်ဝန်ပိုးက အင်တာနက်မရတဲ့ ပြဿနာလောက်တော့ မဆိုးသေးတာ အမှန်ပဲဖြစ်ပါတယ်။ မြန်မာနိုင်ငံက နေရာအများအပြားကို စစ်တပ်က အခုအချိန်ထိ အင်တာနက်ဖြတ်တောက်ခံထားရဆဲပါ။

“စစ်တပ်လက်အောက်မှာ ခရီးထွက်ရတာ အရမ်းပင်ပန်းရပါတယ်။ တစ်ခါတလေ ခရီးမထွက်ခင် ညတစ်ညလုံး ဖုန်းထဲမှာ ဖျက်စရာ‌ရှိတာတွေ ဖျက်နေရတာနဲ့ပဲ အိပ်တောင် မအိပ်နိုင်တော့ဘူး။ ခရီးတစ်ခါသွားတိုင်း ဖုန်းထဲက အချက်အလက်တွေဆုံးရှုံးတယ်” လို့ အဲဒီအမျိုးသမီးက သူကြုံတွေ့ခဲ့ရတာကို ပြောပါတယ်။

သူ့မှာ အနည်းဆုံး ဆင်းမ်ကဒ်ငါးကဒ်လောက် ရှိပါတယ်။ တစ်ကဒ်က အွန်လိုင်းငွေပေးချေမှုတွေအတွက် သုံးပြီး နောက်တစ်ခုကတော့ အခြားပြဿနာတွေအတွက် သုံးပါတယ်။ အဲဒီလို ခွဲခြားပြီး သုံးတာက သူ့အတွက် ပိုပြီးအဆင်ပြေစေနိုင်ပါတယ်။ တော်လှန်ရေးနဲ့ပတ်သက်တာတွေ လွတ်လွတ်လပ်လပ် ထုတ်ဖော်ပြောဆိုတာမျိုးတွေလုပ်ပြီး အတည်သုံးတဲ့ဖုန်းနဲ့ ခရီးသွားရင် ယူသွားဖို့ ဘာမှသုံးမထားတဲ့ ဖုန်းနှစ်လုံးကို ခွဲခြားပြီး သုံးရင်တော့ ပိုပြီးအဆင်ပြေမှာဖြစ်သလို လုံခြုံစိတ်ချလို့ရမှာလည်းဖြစ်တယ်လို့ အဲဒီအမျိုးသမီးက ပြောပါတယ်။

ရန်ကုန်ကနေ မြဝတီကို အဝေးပြေးကားနဲ့သွားရင် ကိုးနာရီဝန်းကျင်ခန့်ကြာပါတယ်။ ခရီးသည် ၄၀ ဝန်းကျင် သယ်ဆောင်လာတဲ့ ဘတ်စ်ကားဟာ စစ်ဆေးရေးဂိတ်တွေမှာ လေးငါးကြိမ်ထက်မနည်း အစစ်ဆေးခံဖို့ ရပ်ခဲ့ရပါတယ်။ ခရီးသည်တွေက သူတို့ရဲ့ မှတ်ပုံတင်တွေနဲ့ ဖုန်းတွေကို ပြကြရပါတယ်။ အထူးသဖြင့် ဘားအံမြို့အရောက်မှာ စစ်တပ်အရာရှိတွေက ဖုန်းတွေကို တင်းကြပ်စွာစစ်ဆေးပါတယ်။ တခါ သူနဲ့ အခြားခရီးသည်တွေဟာ ဘတ်စ်ကားပေါ်ကနေဆင်းပြီး စစ်သားတွေရဲ့ တဲ(tent) ထဲထိပါသွားခဲ့ရတယ်လို့ အဲဒီအမျိုးသမီးက ပြောပါတယ်။ အရာရှိခြောက်ယောက်လောက်က ခရီးသည်တစ်ဦးချင်းစီရဲ့ ဖုန်းထဲကဓာတ်ပုံတွေနဲ့ Facebook account တွေကို စစ်ပါတယ်။ “နိုင်ငံရေးနဲ့ ပတ်သက်တဲ့ပုံတွေ၊ နွေဦးတော်လှန်ရေးနဲ့ ပတ်သက်တဲ့ ပုံတွေဖြစ်စေ Facebook မှာ ရှယ်ထားတဲ့ နိုင်ငံရေးပို့စ်တွေတွေ့ရင် မင်းတို့တော့ ဒုက္ခတွေ့ပြီသာမှတ်၊ ဒီနေရာကနေ ထွက်သွားရအောင် မကြံနဲ့တော့” လို့ အဲဒီစစ်တပ်အရာရှိတွေက ပြောဆိုကြကြောင်း သူက ပြောပါတယ်။

တချို့ခရီးသည်တွေက စစ်ဆေးမှုမပြုလုပ်ခင်မှာပဲ နိုင်ငံရေးနဲ့ ပတ်သက်တာ ဘာမှမလုပ်ထားဘူးလို့ ပြောကြတာတွေလည်း ရှိပါတယ်။

ရွှေကုက္ကိုမှာ မြင့်တက်လာနေတဲ့ အွန်လိုင်းလိမ်လည်မှုတွေကို သတိထားတဲ့ အနေနဲ့ စစ်သားတွေက ဖုန်းထဲက ဓာတ်ပုံတွေနဲ့ Facebook အပြင် အွန်လိုင်းဂိမ်းဆော့ဖ်ဝဲတွေကိုပါ စစ်ဆေးတာမျိုးလုပ်လာကြပါတယ်။

စစ်ဆေးရေးဂိတ်တွေမှာ လုံခြုံမှုရှိအောင် ဘယ်လိုနေကြမလဲ

စစ်တပ်ဖက်က အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေဆိုပြီး ခေါင်းစဉ်တပ်ကာ တရားစွဲလို့ရတဲ့ အမှုတွေဟာ တော်လှန်ရေးမှာ ပါဝင်ခြင်း၊ ပေါက်ကွဲစေတတ်သောလက်နက်များကို လက်ဝယ်ထားရှိခြင်း၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနဲ့ ဆက်စပ်မှုရှိခြင်း၊ ပြည်သူ့ကာကွယ်‌ရေးတပ်ဖွဲ့များနဲ့ သက်ဆိုင်သော အချက်အလက်များကို ထိမ်ချန်ထားခြင်း၊ ပြည်သူ့ကာကွယ်‌ရေးတပ်ဖွဲ့များကို ယာယီတည်းခိုရန် နေရာပေးခြင်း၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များထံ ငွေလှူဒါန်းခြင်း စတာတွေဖြစ်ပါတယ်။

ဝရမ်းထုတ်ခံထားရတဲ့ လူတစ်ယောက်ကို အကူအညီပေးဖူးပြီး အဲဒီလူက နောက်ပိုင်းအဖမ်းခံရလို့ စစ်ကြောရေးမှာ ကိုယ့်နာမည်ပြောလာခဲ့ရင် မိမိတို့ကိုယ်တိုင်လည်း အချိန်မရွေးဖမ်းဆီးတရားစွဲဆို ခံရနိုင်ပါတယ်။

“တချိန်ချိန်ကြရင် ကိုယ့်နာမည်ကို တယောက်ယောက် ပါးစပ်ထဲက ထွက်လာမလဲဆိုတာ မသိနိုင်ဘူး။ ဖြစ်ပြီဆိုတာနဲ့ ပိုင်ဆိုင်မှုတွေကိုပါ သိမ်း၊ ငွေကြေးခဝါချတယ်။ နိုင်ငံသားတိုင်း ဘယ်သူမှ အပစ်မကင်းတာကြောင့် ဖြစ်နိုင်ရင် ဖုန်းထဲမှာ ဘာအထောက်အထားမှ မထားပါနဲ့” ဟု နိုင်ငံရေးကိစ္စဖြင့် တရားစွဲဆိုခံထားရသူများကို လိုက်ပါကူညီပေးနေတဲ့ ရှေ့နေ ဒေါ်သီရိက အကြံပြုပြောကြားပါတယ်။

“အာဏာသိမ်းပြီးကာလအတွင်းမှာ နိုင်ငံရေးနဲ့ဆက်နွယ်လို့ ရှိသမျှပုံအောပေးပြီး လွတ်လမ်းရှာရသူတွေရှိသလို၊ စစ်ဆေးရင်း ပုံပေးသမျှကို ရလိုက်လို့ ဘဝတဆစ်ချိုးပြောင်းလဲ ကြီးပွါးသွားကြသူတွေလည်းရှိတယ်” ဟု ဒေါ်သီရိက ထောက်ပြပြောဆိုသည်။

“ခရီးသွားရတဲ့အခါ ကျွန်တော်ကတော့ တတ်နိုင်သမျှကြိုတင်ပြင်ဆင်သွားတယ်။ ဖုန်းနှစ်လုံးယူသွားတယ်။ တစ်လုံးက keypad ဖုန်း။ keypad နဲ့ဆိုတော့ သူတို့ရှာလည်း ဘာမှရှာ‌မတွေ့တော့ဘူး။ keypad ဖုန်းမရှိရင်လည်း အခြားနည်းလမ်းရှိပါတယ်။ ကိုယ့်လက်ရှိဖုန်းထဲက တော်လှန်ရေးနဲ့ပတ်သက်တာ အကုန်ဖျက်လာခဲ့တာမျိုးပေါ့” လို့ မြန်မာနိုင်ငံအနှံ့ ခရီးသွားလာရလေ့ရှိတဲ့ ရန်ကုန်က သတင်းထောက်တစ်ယောက်က ပြောပါတယ်။

“ခရီး ပြန်သွားရတော့မယ်ဆိုရင် ဒေတာတွေကို cloud storage လိုမျိုး အင်တာနက်မှာ သိမ်းထားလိုက်တယ်။ သွားချင်တဲ့နေရာရောက်မှ ဒေါင်းလုတ်ဒ်ပြန်ဆွဲလိုက်တာမျိုးပေါ့။ အခြားနည်းလမ်းတွေလည်းရှိပါသေးတယ်။ ပြောပြလို့တော့ အဆင်မပြေဘူး၊ ပြောပြလိုက်ရင် စစ်တပ်က သိသွားပြီး လွယ်လွယ်ကူကူနဲ့ဖမ်းဆီးမိသွားလိမ့်မယ်” သူက ပြောပါတယ်။

Leave a Comment

Your email address will not be published. Required fields are marked *