This post is also available in: English
မြန်မာနိုင်ငံမှာ ကိုဗစ်ကပ်ရောဂါကြောင့် ပြည်သူတွေဟာ ဆန်းသစ်တဲ့ အလေ့အထတွေနဲ့အတူ ဒစ်ဂျစ်တယ်ကိရိယာများကို လျင်မြန်စွာ ပြောင်းလဲကျင့်သုံးခဲ့ရပါတယ်။ မကြာခဏလက်ဆေးဖို့ သတိပေးစာတွေ၊ လူစုလူဝေးရှောင်ရှားတာတွေနဲ့ နှာခေါင်းစည်းတပ်ဆင်ကြဖို့ နှိုးဆော်တဲ့ ကမ်ပိန်းတွေ အွန်လိုင်းမှာရော၊ လက်တွေ့ဘဝမှာပါရှိခဲ့ပါတယ်။ မိသားစုတွေ၊ သူငယ်ချင်းအပေါင်းအသင်းတွေနဲ့ အကန့်အသတ်တွေနဲ့ တွေ့ဆုံရတဲ့ ပြဿနာကို ဖြေရှင်းဖို့ လူတွေက နည်းပညာဘက်ကို လှည့်လာကြပါတယ်။ အဲဒီထဲမှာ Online Shopping လို့ ခေါ်ကြတဲ့ အွန်လိုင်းပေါ်ကနေ ရောင်းဝယ်ဖောက်ကားကြတာတွေ၊ live stream လွှင့်ကြတာတွေ ရှိခဲ့ပါတယ်။ တချို့ကလည်း အချင်းချင်း ချစ်ခြင်းမေတ္တာဖလှယ်ဖို့ Food Delivery တွေကနေတဆင့် အစားအသောက်ပို့ပေးဝာာ၊ အလှူလုပ်တာမျိုးတွေလဲ ရှိခဲ့ကြပါတယ်။
နည်းပညာက မြန်မာပြည်သူတွေရဲ့ ကပ်ဘေးကို တစ်ထောင့်တစ်နေရာက ကူညီပေးခဲ့ပါတယ်။ ဒါပေမယ့် ၂၀၂၁ ဖေဖော်ဝါရီ အာဏာသိမ်းမှုအပြီးမှာလည်း စစ်တပ်ဘက်က ဒီနည်းပညာတွေသုံးပြီး အားသာချက်ရယူခဲ့ကြပြန်ပါတယ်။ ဥပမာ တော်လှန်ရေးတပ်ဖွဲ့တွေကို ထောက်ပံ့ကူညီတာမျိုးကို ဒီနည်းပညာအားသာချက်ကို အသုံးချပြီး ထိန်းချုပ်ဖို့ကြိုးစားခဲ့ပါတယ်။ အာဏာသိမ်း စစ်အုပ်စုဟာ ယနေ့အချိန်ထိ အခြေအနေအမျိုးမျိုး၊ ကိရိယာအမျိုးမျိုးနဲ့ စောင့်ကြည့်မှုပေါင်းများစွာပြုလုပ်ပြီး ပြည်သူတွေကို ချုပ်ကိုင်ဖို့ ကြိုးစားနေဆဲဖြစ်ပါတယ်။
ကိုယ်ရေးအချက်အလက်များနှင့် အန္တရာယ်
၂၀၂၂ ဖေဖော်ဝါရီတစ်ရက်နေ့က မြန်မာပြည်သူတွေရဲ့ လွတ်လပ်ရေးဆုံးရှုံးတဲ့နေ့တစ်နေ့အဖြစ် မှတ်သားရမှာပဲဖြစ်ပါတယ်။ ပြည်သူသဘောဆန္ဒကို ပြန်လည်ထိန်းသိမ်းထားနိုင်ဖို့၊ နိုင်ငံသားအခွင့်အရေးတွေ အပြည့်အဝပြန်လည်ရရှိစေဖို့ ပြည်သူတွေဟာ စတင်ဆန္ဒပြခဲ့ကြပါတယ်။ အာဏာသိမ်းစစ်တပ်ရဲ့ ပြည်သူတွေကို နိုင်ထက်စီးနင်း အုပ်ချုပ်မှုတွေ၊ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ကို အကြမ်းဖက်နှိမ်နင်းပြီး။ ပိတ်ပင်တာတွေကိုလည်း ပြည်သူတစ်ရပ်လုံးက ခုခံခဲ့ကြပါတယ်။ ဒါပေမယ့် အဲဒီလိုခုခံမှုတွေကို စစ်အစိုးရ ကန့်သတ်ခဲ့ပြီး အွန်လိုင်းမှာလွတ်လပ်စွာရေးသားခွင့်နဲ့ ပြည်သူတွေကို မလုံခြုံတဲ့စိတ်ဝင်စေခဲ့တာပါ။
အာဏာသိမ်းပြီး နှစ်ပတ်အကြာမှာပဲ အီလက်ထရောနစ်ဆက်သွယ်ရေးဥပဒေကို စစ်အစိုးရက ပြင်ဆင်ခဲ့ ပါတယ်။ ထင်ယောင်ထင်မှားဖြစ်စေရန် ရည်ရွယ်စေသော စာများနဲ့ ပတ်သက်တဲ့ အချက်အလက်တချို့ကို ထပ်မံ ဖြည့်သွင်းခဲ့ တာပါ။
အာဏာသိမ်းပြီးတဲ့အချိန်ကစလို့ အခုချိန်ထိ စစ်တပ်ရဲ့ အခွင့်အရေးချိုးဖောက်မှုတွေ၊ အကြမ်းဖက်မှုတွေကို ဆိုရှယ်မီဒီယာမှာ ဝေဖန်ထောက်ပြကြတဲ့ ပြည်သူအတော်များများဟာ စစ်တပ်ရဲ့ ဖမ်းဆီးခေါ်ဆောင်ပြီး ငြင်းဆဲနှိပ်စက်တာကို ခံကြရပါတယ်။ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်တဲ့ ဓာတ်ပုံတွေကို ဆိုရှယ်မီဒီယာမှာတင်ခဲ့တာကြောင့် အဖမ်းခံခဲ့ရတဲ့ သူတစ်ဦးလည်း ရှိခဲ့ပါတယ်။ ဆိုရှယ်မီဒီယာမှာ စစ်တပ်ကိုဝေဖန်ထောက်ပြတဲ့ ပြည်သူအများအပြား ဖမ်းဆီးခံရတဲ့အပြင် ဝရမ်းထုတ်ခံထားရတဲ့သူတွေလဲ များပါတယ်။ ပြည်သူတွေရဲ့ ကိုယ်ရေးကိုယ်တာအချက်အလက်တွေလည်း တရားမဝင်ရယူခြင်းနဲ့ အခွင့်အရေးချိုးဖောက်နေတယ်လို့ အစီရင်ခံစာတချို့မှာ ဖော်ပြပါတယ်။ ပြည်သူတွေရဲ့ ကိုယ်ပိုင်ဖုန်းထဲက ကိုယ်ရေးကိုယ်တာ အချက်အလက်တွေကို စစ်ကောင်စီဘက်က ကြည့်ရှု ရယူထားတဲ့ သဘောပါ။
စက်တင်ဘာ ၂၀၂၀ မှာတော့ မြန်မာပြည်ရဲ့ COVID-19 QR pass system ကို ပစ်မှတ်ထားတဲ့ အွန်လိုင်းတိုက်ခိုက်မှုတွေ ကြုံခဲ့ရတယ်ဆိုတဲ့ အစီရင်ခံစာတွေ ထွက်ပေါ်ခဲ့ဖူးပါတယ်။ တစ်နိုင်ငံလုံး လော့ခ်ဒေါင်းချထားတဲ့အချိန်မှာ မဖြစ်မနေခရီးသွားရမယ့် ဝန်ထမ်းတွေအတွက် အသုံးပြုတဲ့ ဒီ QR pass system က cyberattack အလုပ်ခံခဲ့ရတာပါ။ ဒီစနစ်ဟာ အစကတည်းက လုံခြုံရေးအမြင် နဲ့ ဒီဇိုင်းဆွဲထားခဲ့တာ မဟုတ်သလို ထောင်ချီတဲ့ ပြည်သူတွေရဲ့ ကိုယ်ရေးအချက်အလက်တွေကို အန္တရာယ်ကြီးစွာ ပြုစုထားတဲ့ နေရာတစ်ခုသဖွယ်ဖြစ်ပါတယ်လို့ ကျွမ်းကျင်သူတစ်ဦးက သုံးသပ်ပါတယ်။ “နိုင်ငံခြားကနေ ပြန်လာတဲ့သူတစ်ဦးရဲ့ ပြည်တွင်းခရီးသွားတဲ့ မှတ်တမ်းကိုကြည့်လိုက်တော့ သူ အတော်အံ့အားသင့်သွားခဲ့တယ်” လို့ စိုးရိမ်စိတ်ပူတဲ့ ပြည်သူတစ်ဦးက ပြောခဲ့ပါတယ်။
ငွေကြေးစနစ်ကို ပစ်မှတ်ထားခြင်း
ကပ်ဘေးကြောင့် အွန်လိုင်းငွေလွှဲ၊ ငွေချေမှုတွေ အတော်ကျယ်ပြန့်လာပါတယ်။ မြန်မာပြည်နိုင်ငံနေရာအနှံ့မှာ အွန်လိုင်းကနေ ငွေချေလို့ရတဲ့ KBZ Pay, Wave Money တို့ကို တွေ့လာရပါတယ်။ ဒီငွေလွှဲတဲ့ mobile app တွေကို လစာထုတ်ဖို့၊ ဈေးဝယ်ဖို့ သက်သက်အတွက်ပဲ သုံးကြတာမဟုတ်ပါဘူး။ လိုအပ်တဲ့သူတွေအတွက် အွန်လိုင်းပေါ်ကနေ အလှူလုပ်တဲ့အခါများလည်း သုံးကြပါတယ်။
ဥပမာအနေနဲ့ ပြောရရင် သီတင်းကျွတ်၊ တန်ဆောင်တိုင်တို့လို လပြည့်ည ပွဲတော်တွေမှာ အချင်းချင်း မုန့်ဖိုးပေးကြဖို့ သုံးကြတာမျိုးဖြစ်ပါတယ်။ အဲဒီလို မြန်မာ့ရိုးရာ ပွဲတော်နေ့တွေမှာ အွန်လိုင်းကနေ မုန့်ဖိုးပေးကြတာ သိန်းထောင်ချီထိ ရှိတတ်ပါတယ်။
“တချို့က မုန့်ဖိုးတစ်ကျပ်ပဲ လွှဲပေးကြတယ်။ တစ်ကျပ်က ဘာမှလုပ်လို့မရပါဘူး။ ဒါပေမယ့် ကျွန်တော်တို့က ရတယ်ဆိုတာနဲ့ ပျော်နေတာ။ တချို့ဆို အကောင့်တွေဖွင့်ပြီး မုန့်ဖိုးလိုက်စုဖို့ ညလုံးပေါက် စောင့်ကြတာ” လို့ Online shopping အတွက် KBZ Pay ကိုအများဆုံး အသုံးပြုတဲ့ ကိုကျော်ကျော်က ပြောပါတယ်။
နွေဦးတော်လှန်ရေး အရှိန်ရလာတာနဲ့အမျှ PDF လို့ ခေါ်ကြတဲ့ လက်နက်ကိုင်တော်လှန်ရေး တပ်ဖွဲ့တွေအတွက် အလှူငွေကောက်ခံတာအပြင် အစားအသောက်၊ ဆေးဝါးနဲ့ အခြားလိုအပ်တာတွေ ထောက်ပံ့ကြတဲ့ သဘာဝဘေး ကယ်ဆယ်ရေးအစီအစဉ်တွေလည်း ပေါ်ပေါက်လာပါတယ်။ နောက်ဆက်တွဲအနေနဲ့ စစ်တပ်ဘက်ကလည်း PDF တွေကို ထောက်ပံ့ ငွေလွှဲတဲ့သူတွေကို ဖမ်းဆီးပြီး အဲဒါတွေကို ရပ်တန့်ဖို့ လုပ်လာတာတွေရှိပါတယ်။
ဧရာဝတီရဲ့ သတင်းတစ်ရပ်အရ ဘဏ်တွေနဲ့ အွန်လိုင်းငွေလွှဲငွေထုတ်လုပ်တဲ့သူတွေကို သူတို့ဆီမှာ ငွေလွှဲငွေထုတ်လုပ်တဲ့သူတွေရဲ့ စာရင်းတွေကို မှတ်ပြုစုထားဖို့ စစ်တပ်က အမိန့်ပေးထားတယ်လို့ သိရပါတယ်။ အွန်လိုင်းငွေလွှဲငွေထုတ် ဝန်ဆောင်မှုတွေကို ရယူမယ့်သူတွေဟာ သူတို့ရဲ့ ကိုယ်ရေးအချက်အလက်တွေ ဖြည့်သွင်းဖို့ လိုအပ်လာပါတယ်။ ငွေလွှဲ ငွေထုတ် app တစ်ခုခုမှာ အကောင့်အသစ်ဖွင့်ဖို့ဆိုရင် ဖွင့်မယ့်သူရဲ့ ဓာတ်ပုံ၊ မှတ်ပုံတင် စတာတွေလိုအပ်လာပါတယ်။ ဘဏ်ကိုလာတဲ့ ပြည်သူတွေကို စောင့်ကြည့်ရေး ပိုမိုမြင့်မားဖို့၊ CCTV တွေ ပိုပြီးတပ်ဖို့နဲ့ လျှို့ဝှက်စွာ ဓာတ်ပုံတွေရိုက်ထားဖို့ထိ ဘဏ်တွေကို စစ်တပ်က အမိန့်ပေးထားတယ်လို့ ဖော်ပြပါတယ်။
စစ်တပ်ဘက်က ဘဏ်မှာဖြည့်ထားတဲ့ ကိုယ်ရေးအချက်အလက်တွေကမှတဆင့် ခြေရာခံလိုက်လံဖမ်းဆီးမှာကို ကြောက်နေရတဲ့ အခြေအနေဖြစ်ပါတယ်။ “ဘဏ်နဲ့ ဘဏ်ရဲ့ လုပ်ငန်းဆောင်တာတွေဟာ အစိုးရ ထိန်းချုပ်မှုအောက်မှာ ရှိနေပါတယ်။ ဒီတော့ စစ်တပ်က အချက်အလက်တွေ တောင်းရင် ပေးရပါတယ်” လို့ စစ်ကောင်စီလက်အောက်မှာ အလုပ်လုပ်နေဆဲ ဘဏ်ဝန်ထမ်းတစ်ဦးကပြောပါတယ်။
မဟန်နီရဲ့ (အမည်လွှဲ) အဖြစ်အပျက်မှာဆိုရင် သူဘဏ်မှာ ဖြည့်သွင်းထားတဲ့ အချက်အလက်တွေဟာ စစ်တပ်ထောက်ခံ တယ်လီဂရမ်ချန်နယ်တွေမှာ ဖော်ပြခံခဲ့ရပါတယ်။ အဲဒီချန်နယ်တွေဟာ တော်လှန်ရေးမှာ ပါဝင်ကူညီနေတဲ့သူတွေကို အဖမ်းခံရစေဖို့ ရည်ရွယ်ပြီး သူတို့ရဲ့ ကိုယ်ရေးအချက်အလက်တွေကို ဖော်ထုတ်ကြပါတယ်။
“ဘဏ်ဝန်ထမ်းတွေပါလို့ ပြောရင်တောင် ယုံလို့မရပါဘူး။ ကျွန်မနာမည် တယ်လီဂရမ်မှာ အတင်ခံခဲ့ရကတည်းက ဝေးရာကို ထွက်ပြေးလာခဲ့ရတာ။ တပ်ထောက်ခံချန်နယ်တွေက ကျွန်မကို သံသယရှိလို့ဆိုပြီး တင်ကြတာလေ။ ဒီလောက်လေးနဲ့တော့ အဖမ်းမခံနိုင်သေးဘူး။ တော်လှန်ရေးအတွက် လုပ်စရာရှိတာ လုပ်ရဦးမယ်” လို့ မဟန်နီက ပြောပါတယ်။
စစ်အာဏာရှင်ကိုဆန့်ကျင်နေတဲ့အဖွဲ့တွေကို ကူညီထောက်ပံ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ မိုဘိုင်းဘဏ်အကောင့်ပေါင်း ၇၀၀ ကျော် အပိတ်ခံထားရတယ်လို့ RFA သတင်းတစ်ရပ်မှာ ဖော်ပြပါတယ်။ တချို့အကောင့်တွေကို စစ်ကောင်စီက လွှဲပြောင်းရယူပြီး တချို့အကောင့်တွေကတော့ အခုအချိန်ထိ စစ်ဆေးခံထားရဆဲဖြစ်ပါတယ်။
“ထောက်ပို့လုပ်တဲ့ Kpay ကို ခြေရာခံ လိုက်တယ်။ တပြုံကြီး ပါကုန်တယ်။ ဖုန်းနံပါတ်ရိုက်ထည့်ရင် နာမည်ပေါ်နေတာကြောင့် လုံခြုံမှုမရှိတာတော့ အမှန်ပဲ။ ကိုယ်ကဖုန်းနံပါတ်တစ်ခုကို ရေရှည်သုံးနေတာဆိုရင် ပိုသတိထားရမယ်။ အချိန်မရွေး အရေးယူခံရတာတွေ ကိုယ့်ဆီရောက်လာနိုင်တာကြောင့် လက်လွယ်စပါယ် မသုံးစေချင်ဘူး” လို့ ရန်ကုန်မြို့ အင်းစိန်အကျဉ်းထောင်မှာ အချုပ်ကျနေတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို လိုက်ပါကူညီပေးနေတဲ့ ရှေ့နေ့တစ်ဦးက အကြံပြုပြောကြားပါတယ်။
တော်လှန်ရေးလှုပ်ရှားမှုတွေမှာ မပါဝင်တဲ့ ငွေလွှဲငွေထုတ်ဆောင်ရွက်နေတဲ့ အေးဂျင့်တွေတောင် အကျိုးသက်ရောက်မှုရှိလာပါတယ်။ ရန်ကုန်မြို့၊ စမ်းချောင်းက ငွေလွှဲငွေထုတ်အေးဂျင့်တစ်ယောက်က အကြွေးမပေးတဲ့ ဖောက်သည်တစ်ဦးကို တိုင်တန်းဖို့ ရဲစခန်းကိုသွားခဲ့ပါတယ်။ ဒါပေမယ့် အကြွေးပေးစရာရှိတဲ့ ဖောက်သည်က ဒီအေးဂျင့်က PDF တွေကို ထောက်ပံ့နေတယ်လို့ ရဲစခန်းမှာ စွပ်စွဲပြောခဲ့ပါတယ်။ ဒီတော့ ရဲတွေက အကြွေးမပေးတဲ့သူကို မဖမ်းဘဲ ငွေလွှဲငွေထုတ်ကိုယ်စားလှယ်ကို ဖမ်းလိုက်ကြတယ်လို့ သိရပါတယ်။
မြန်မာပြည်မှာ အကြမ်းဖက်အဖွဲ့အစည်းတခုခုကို ငွေကြေးထောက်ပံ့သူဟာ ၂၀၁၄ မှာ ပြဌာန်းထားခဲ့တဲ့ တည်ဆဲဥပဒေဖြစ်တဲ့ အကြမ်းဖက်မှုဆိုင်ရာတိုက်ဖျက်ရေး ပုဒ်မ ၅၀ (ည) အရ အရေးယူခံရနိုင်ပါတယ်။ ဒီပြစ်မှုကို ကျူးလွန်သူဟာ အာမခံနဲ့ ပြန်လွတ်နိုင်ခြေလည်း မရှိပါဘူး။ ဒီပုဒ်မအတွက်ပြစ်ဒဏ်ကတော့ အနည်းဆုံး ထောင်ဒဏ် ဆယ်နှစ်ကနေ အများဆုံး တစ်သက်တစ်ကျွန်းထိ ထောင်ဒဏ် ကျခံရနိုင်ပါတယ်။
ဆင်းကဒ်မဖြစ်မနေ မှတ်ပုံတင်ခြင်းမှ လက်ခံရရှိလာတဲ့ အချက်အလက်တွေဟာ စစ်တပ်ရဲ့ ခြေရာခံလိုက်လံဖမ်းဆီးခြင်းမှာ အရေးပါနေပါတယ်။ ဒီကတဆင့် ဘယ်သူက ဘယ်သူ့ဆီ ငွေလွှဲတယ်ဆိုတာတွေကို စစ်တပ်က ခြေရာခံ စစ်ဆေးကြတာပါ။ မိမိတို့ရဲ့ ကိုယ်ပိုင် နိုင်ငံသားစိစစ်ရေးကဒ်ပြားနဲ့ ဆင်းကဒ်တွေကို မဖြစ်မနေမှတ်ပုံတင်ရမယ်၊ မတင်ရင် အပိတ်ခံရမယ်လို့ စစ်အာဏာရှင်လက်အောက်ခံ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဆက်သွယ်ရေးညွှန်ကြားမှု ဦးစီးဌာနက ၂၀၂၂၊ စက်တင်ဘာမှာ ကြေညာခဲ့ပါတယ်။ အာဏာပိုင်တွေက ဆင်းကဒ် မှတ်ပုံတင်တဲ့ အချက်အလက်တွေကို လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနရဲ့ အချက်အလက်တွေနဲ့ ပြန်လည်တိုက်ဆိုင် စစ်ဆေးကြတာဖြစ်ပါတယ်။
“Mobile banking နဲ့ ဆက်စပ်တဲ့ ဆင်းမ်ကဒ်မှတ်ပုံတင်ခြင်းဆိုင်ရာ အချက်အလက်တွေနဲ့ ဆင်းကဒ်မှတ်ပုံတင်ဖို့ လှုံ့ဆော်မှုတွေက တစ်ဦးချင်းတစ်ယောက်ချင်းကို စောင့်ကြည့်ဖို့၊ ခြေရာခံဖို့ ပိုမိုလွယ်ကူစေတယ်” လို့ Myanmar ICT for Development Organization ရဲ့ executive director ကိုထိုက်ထိုက်အောင်က ပြောပါတယ်။
စောင့်ကြည့်ခြင်း မျက်လုံးများ၏ အစ
အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာပြည်သူတွေဟာ တချိန်လုံး စောင့်ကြည့်ခံနေရတဲ့ အခြေအနေကိုရောက်နေပြီး ဘယ်သူမဆို အချိန်မရွေးအဖမ်းခံရနိုင်တဲ့ အနေအထားကို ရောက်ရှိလာပါတယ်။ စစ်တပ်တစ်ခုတည်းကတင် ပြည်သူတွေကို စောင့်ကြည့်နေတာ မဟုတ်ပါဘူး။ စစ်တပ်ကိုထောက်ခံတဲ့သူတွေကပါ စဉ်ဆက်မပြတ် စောင့်ကြည့်နေကြတာပါ။ အာဏာသိမ်းမှုဖြစ်ပြီးတဲ့နောက် လွတ်လပ်စွာ ဖော်ထုတ်ရေးသားခွင့် ပျက်သုန်းခဲ့ပြီဖြစ်တာကြောင့် နောက်ပိုင်းမှာ Profile Lock ပြုလုပ်ပြီး စာများရေးသားခြင်း၊ မျှဝေခြင်းများ ပြုလာကြပါတယ်။ ဒီထဲမှာ မဖြိုး(အမည်လွှဲ) လည်း အပါအဝင်ဖြစ်ပါတယ်။ မဖြိုးဟာ ဖေ့စ်ဘွတ်မှာ စစ်အာဏာရှင်လက်အောက်က သင်္ကြန်ပွဲမှာပါဝင်မဆင်နွှဲဘူးလို့ ရေးမိတာနဲ့တင် ထောင်ဒဏ်ကျခံထားရသူပါ။
“အရင်က သင်္ကြန်နဲ့ပတ်သက်တာတွေရေးခဲ့တာရှိတယ်။ အခုလည်း ဆယ်လီတယောက်ရေးထားတဲ့ စာအောက်မှာ သင်္ကြန်မလည်ဘူးဆိုတာဘဲ ရေးမိတာကို သူ့အကောင့်ထဲကတယောက်က လက်ထောက်ချတာကြောင့် စစ်ကောင်စီဘက်ကလူ(ဟန်ငြိမ်းဦး)ရဲ့ တယ်လီဂရမ်မှာ ပါလာလို့ တပ်က လာဖမ်းသွားတယ်” ဟု မဖြိုး၏ ခင်ပွန်းက ရှင်းပြပါတယ်။
ဒီအဖြစ်အပျက်ကြောင့် တယ်လီဂရမ်ဟာ WhatsAppထက်ပိုပြီး လုံခြုံစိတ်ချရတယ်လို့ ယုံကြည်ထားသူတွေအတွက် စိုးရိမ်စိတ်တွေ ပေါ်ပေါက်လာခဲ့ပါတယ်။
ကပ်ရောဂါကာလအတွင်း ဒစ်ဂျစ်တယ်နည်းပညာပိုမို ကျယ်ပြန့်စွာအသုံးပြုလာသလိုပဲ စစ်တပ်ကလည်း သူတို့ရဲ့ အာဏာရှင်ကျင့်ထုံးတွေကို နည်းပညာအသုံးပြုပြီး ဆက်လက်ကျင့်သုံးနေပါတယ်။ ဒီလိုကိစ္စရပ်ဟာ စစ်တပ်ရဲ့နည်းပညာနယ်ပယ်မှာပါ အာဏာရှင်စနစ်နဲ့စီမံနေတာကို မြင်တွေ့နိုင်ပါတယ်။ ပြင်းထန်တဲ့ ဆိုက်ဘာဥပဒေတွေကို ပြန်လည်အသက်သွင်းတာက နည်းပညာလောကကိုပါ အာဏာရှင်ပီသစွာ ချုပ်ကိုင်ထားတာပါ။
အာဏာသိမ်းစစ်အုပ်စုဟာ ဒစ်ဂျစ်တယ်နည်းပညာလောကကိုပါ ထိန်းချုပ်ဖို့အတွက် သူတို့ကိုယ်ပိုင် ဆိုရှယ်မီဒီယာတွေကို စမ်းသပ်ထုပ်လုပ်တာတွေလဲ ရှိနေပြန်ပါတယ်။ ဥပမာ တစ်ခုအနေနဲ့ “OKPar” လို့ ခေါ်တဲ့ app တစ်ခုဖြစ်ပါတယ်။ ဒီ app ကို မြန်မာနိုင်ငံရဲ့ တရားဝင်ဆိုရှယ်မီဒီယာလို့ စစ်ကောင်စီက ဆိုပါတယ်။ ဒီ app ရဲ့ ဒီဇိုင်းဟာ ဖေ့စ်ဘွတ် ကို ကူးချထားဖြစ်ပြီး သူ့မှာ ဖေ့စ်ဘွတ်လိုပဲ news feed နဲ့ စာပို့လို့ရတဲ့ အရာတွေ ပါဝင်ပါတယ်။
ဒီ app ဟာ လုံခြုံစိတ်ချရတယ်လို့ စစ်တပ်ဘက်က ဖော်ပြပေမယ့် ဆွီဒင်နိုင်ငံအခြေစိုက် ဒစ်ဂျစ်တယ်မှုခင်းပညာအဖွဲ့ Qurium ရဲ့ လေ့လာသုံးသပ်သူတစ်ဦးက “စစ်ကောင်စီက သူတို့ရဲ့ အဲဒီ network ထဲမှာ ရှိနေသူအားလုံးရဲ့ တည်နေရာကို ခြေရာခံနိုင်မယ့်အပြင် ကြီးမားပြင်းထန်တဲ့ ကိုယ်ရေးအချက်အလက် ပေါက်ကြားမှုတွေဖြစ်လာနိုင်တယ်” လို့ သတိပေးပါတယ်။ စစ်အစိုးရရဲ့ စောင့်ကြည့်နေတဲ့ မျက်လုံးတွေထဲမှာ ဒီ app ကလည်း တစ်ခုအပါအဝင်ဖြစ်ပါတယ်။ app ပေါ်မှာ အကောင့်ဖွင့်အသုံးပြုသူတွေ ပေးထားတဲ့ ကိုယ်ရေးကိုယ်တာအချက်အလက်တွေကို စုဆောင်းတာတွေ ရှိလာနိုင်ပါတယ်။ ဒါ့အပြင် အဲဒီ app ကို အသုံးပြုပြီး ပို့ထားတဲ့ မက်ဆေ့တွေကိုလည်း စစ်အစိုးရက စောင့်ကြည့်သွားဖို့ ရှိပါတယ်။
နိဂုံး
မဖြိုးကဲ့သို့သော မြန်မာနိုင်ငံသားများဟာ စောင့်ကြည့်နေကြတဲ့ မျက်လုံးတွေအောက်မှာ နေ့စဉ်ဖြတ်သန်းနေရပါတယ်။ အိပ်ယာနိုးချိန်မှ အိပ်ချိန်အထိ ပြုမူသမျှကိစ္စရပ်တိုင်းဟာ စောင့်ကြည့်ခံနေရတာပါ။ ဒီစောင့်ကြည့်ခံရမှုများက သယ်ဆောင်လာမယ့် အကြောက်တရားကလည်း ရိုက်ခတ်နေပါတယ်။ ဒီအကြောင်းအရာကပဲ စစ်အစိုးရလက်အောက်က အခြေခံဘဝကို ဖော်ပြနေပါတယ်။
မြန်မာနိုင်ငံမှာ Technology လို့ခေါ်တဲ့ နည်းပညာဟာ သတင်းအချက်အလက်ပျံ့နှံ့စေဖို့ လိုအပ်နေတဲ့ အဖိနှိပ်ခံတွေအတွက် လွတ်မြောက်ရာ ထွက်ပေါက်တစ်ခုအဖြစ် မကြာခဏ ဖော်ပြကြပါတယ်။ ဒါပေမယ့်လည်း အခြေအနေက နှစ်ဖက်ခွနေပါတယ်။ တစ်ဖက်မှာလည်း ဒီလိုနည်းပညာအသုံးချမှုတွေကို စစ်တပ်က အခွင့်ကောင်းယူပြီး သူတို့ကို ဝေဖန် ခုခံသူတွေကို ခြေရာခံလိုက်လံ ဖမ်းဆီးတာမျိုးတွေပါ။ ဒါထက်ပိုဆိုးတာက စစ်ကောင်စီမှာ နည်းပညာဆိုင်ရာ စည်မျဉ်းစည်းကမ်းတွေနဲ့ ပတ်သက်တဲ့ အခွင့်အရေးချိုးဖောက်မှုကို ထောက်ခံအားပေးတဲ့ တရားရေးယန္တရားတစ်ခုလုံးလည်း ရှိနေပြန်ပါတယ်။ နည်းပညာနဲ့ ထိတွေ့ဆက်ဆံခြင်းဆိုင်ရာ ပရိုတိုကောများနဲ့ လုပ်ထုံးလုပ်နည်းများ တိုးတက်ခြင်းဆိုင်ရာ တော်လှန်ရေးလှုပ်ရှားမှုမျိုးကို ပြုလုပ်ဖို့ လိုအပ်နေပြီပဲဖြစ်ပါတယ်။
စာရေးသူအကြောင်း
Mi-Kun (ကလောင်အမည်) သည် အမှီအခိုကင်းသော သတင်းသမားတစ်ဦး အဖြစ် ရပ်တည်ချက်ကြောင့် ၎င်း၏မွေးရပ်မြေမှ ထွက်ပြေးနေရသော မြန်မာသတင်းထောက်တစ်ဦးဖြစ်သည်။