Search
Close this search box.

အာဏာသိမ်းမှုအလွန်မှာ စစ်တပ်ရဲ့ နားနဲ့ မျက်လုံးတွေဖြစ်လာတဲ့ ဆက်သွယ်ရေးအော်ပရေတာများ

This post is also available in: English

A still from the Tech Tales film ‘Black Out’

၂၀၂၁ ဖေဖော်ဝါရီလမှာ ဖြစ်ခဲ့တဲ့ အာဏာသိမ်းမှုကြောင့် မြန်မာနိုင်ငံမှာ လျှပ်စစ်မီး မကြာခဏပြတ်တောက်ခြင်း၊ အင်တာနက် အချိန်ကြာမြင့်စွာ ပြတ်တောက်ခြင်း၊ ဆင်းရဲမွဲတေမှုမြင့်မားလာခြင်း၊ ဖုန်းနဲ့ ပြောဆိုဆက်သွယ်ရာမှာ လုံခြုံရေးအန္တရာယ် ရှိလာခြင်းတွေ ဖြစ်ပေါ်လာပါတယ်။ ဒီလိုအဘက်ဘက်က ပျက်စီးယိုယွင်းလာမှုကြောင့် မြန်မာနိုင်ငံတွင်းက ဆယ်သွယ်ရေးကုမ္ပဏီတွေအနေနဲ့ အကျိုးအမြတ်ရရှိမှု သိသိသာသာ ကျဆင်းလာပါတယ်။ စီးပွားရေးလုပ်ငန်းများရဲ့ အကျိုးအမြတ်ရရှိမှု ရုတ်ချည်း‌အားနည်းသွားခြင်းနဲ့ ရင်းနှီးမြှပ်နှံမှုတွေ ရပ်ဆိုင်းသွားခြင်းတို့ကြောင့် ပြည်တွင်း ဆယ်သွယ်ရေးကဏ္ဍကို စစ်တပ်က တစ်ဖန်ပြန်လည်ပြီး လက်ဝါးကြီးအုပ်လာမှာကို ပြည်သူတွေက စိုးရိမ်လာကြပါတယ်။

၂၀၁၂ မှာ သမ္မတဦးသိန်းစိန်က စီးပွားရေး လွတ်လပ်ခွင့်ပြုပြင်ပြောင်းလဲရေးကို မိတ်ဆက်ပေးခဲ့ပါတယ်။ အဲဒီအခြေအနေမှာ MPT လို့သိကြတဲ့ နိုင်ငံပိုင် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (Myanmar Posts and Telecommunications) ရဲ့ လက်ဝါးကြီးအုပ်ခံထားရမှုလည်း အဆုံးသတ်ခဲ့ပါတယ်။ နိုင်ငံခြားစီးပွားရေးတွေနဲ့ ရင်းနှီးမြှပ်နှံမှုတွေကိုလည်း နိုင်ငံတွင်းကို လမ်းဖွင့်ပေးခဲ့ပါတယ်။ လွန်ခဲ့တဲ့ နှစ်တွေအတွင်းမှာ တယ်‌လီနော၊ မိုင်တဲတို့လို ပြည်တွင်းက ဆက်သွယ်ရေးလုပ်ငန်းတွေအနေနဲ့ ပြဿနာများစွာ ရင်ဆိုင်ခဲ့ရပါတယ်။ အာဏာသိမ်း စစ်တပ်နဲ့ ဆက်ဆံရေး၊ ကိုယ်ရေးကိုယ်တာ စိုးရိမ်ရမှုပြဿနာတွေကစလို့ သုံးစွဲသူ ပြည်သူသန်းပေါင်းများစွာကို ထိခိုက်စေခဲ့တဲ့ အင်တာနက်ပက်ကေ့ခ်ျတွေ ဈေးတက်တဲ့ ပြဿနာတွေအထိပါပဲ။

၂၀၂၁ ဇူလိုင်လကတည်းက မြန်မာနိုင်ငံတွင်းက ဖုန်းအော်ပရေတာတွေအကုန်လုံးက သူတို့ရဲ့ ရင်းနှီးမြှပ်နှံမှုတွေကို ဆိုင်းငံ့ထားဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။ နောက်ပြီး သူတို့ရဲ့ ဆုံးရှုံးမှုတွေကို ပြန်ကာမိဖို့အတွက် အင်တာနက်အသုံးပြုတဲ့ ဒေဝာာပက်ကေ့ခ်ျတွေကို ဈေးမြှင့်တင်ခဲ့ပါတယ်။ ဇူလိုင်လအထိတော့ ဖုန်းတွေမှာပဲ အင်တာနက်ပက်ကေ့ခ်ျတွေ ဈေးနှုန်းမြှင့်မားလာတာဖြစ်ပါတယ်။ ဒါပေမယ့် စက်တင်ဘာလအရောက်မှာ ဝိုင်ဖိုင် ပက်ကေ့ခ်ျဈေးနှုန်းတွေလဲ တဟုန်ထိုးတက်လာခဲ့ပါတယ်။ ၂၀၂၁ ဒီဇင်ဘာလ ၇ ရက်မှာ အင်တာနက်မြန်နှုန်းတွေကို ကန့်သတ်ဖို့နဲ့ ဈေးနှုန်းတွေမြှင့်တင်ဖို့ စစ်ကောင်စီလက်အောက်ခံ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနက ဆက်သွယ်ရေးကုမ္ပဏီတွေကို အမိန့်ထုတ်ပြန်ခဲ့ပါတယ်။

“ကိုဗစ်နဲ့ အာဏာသိမ်းမှုကြောင့် ကျွန်မ ကျောင်းမတက်ရတာ တစ်နှစ်ခွဲကျော်ပါပြီ။ ကျွန်မရှေ့ဆက်ဖို့၊ အနာဂတ်အတွက် လမ်းစဆိုလို့ အွန်းလိုင်းကနေ အင်္ဂလိပ်စာသင်တန်းတွေ တက်တာပဲ ရှိပါတယ်။ အခုတော့ Zoom မှာ အတန်းတက်ဖို့အတွက် လိုတဲ့ 1GB ဒေတာတောင် မဝယ်နိုင်တော့ဘူး။ 1GB က နေ့တွင်းညတွင်းချင်း ၁၀၀၀ ကနေ ၃၀၀၀ လောက်ဖြစ်သွားတာလေ။ ဈေးအချိုဆုံးဆိုလို့ MPTနဲ့ ဝယ်လို့ရတဲ့ ၂၈၅၀ တန် ပက်ကေ့ခ်ျပဲ။ ဒါပေမယ့် စစ်တပ်ပိုင်တာဆိုတော့ ကျွန်မ‌ကတော့ ဘယ်တော့မှ သုံးမှာမဟုတ်ဘူး” လို့ ရခိုင်ပြည်နယ်တောင်ပိုင်းမှာ နေထိုင်တဲ့ အမျိုးသမီးငယ်တစ်ဦးက ပြောပါတယ်။

“ကျွန်မအိမ်က ဝောာင်ကုန်းနှစ်ခုကြားမှာ‌ဆိုတော့ ဝိုင်ဖိုင်တပ်လို့လည်း အဆင်မပြေဘူး။ ပြီးတော့ လိုင်းလဲ မမိဘူး။ ဝိုင်ဖိုင်တပ်ထားတဲ့ ကျွန်မသူငယ်ချင်းကို သူ့အိမ်မှာ စာလာသင်လို့ရလား မေးကြည့်သေးတယ်။ ဝိုင်ဖိုင်က လိုင်းလည်းမကောင်း၊ ဈေးလည်းကြီးလို့ သူလဲ ငွေထပ်မဆောင်တော့ဘူးလို့ ပြောတယ်။ ဈေးက သုံးဆလောက် တက်သွားလေ၊ ခုနစ်သောင်းခွဲလောက်ထိ ဖြစ်သွားတယ်။ မိုင်တဲတစ်မျိုးပဲ ၂၈၀၀၀ နဲ့ ရတော့တာ။ သူတို့ ကျွန်မတို့ဆီက ရသလောက်ယူချင်နေကြတာ၊ သူတို့ဟာကို မသုံး သုံးအောင် ဖိအားပေးနေတာ” လို့ သူက ထပ်ရှင်းပြပါတယ်။

စစ်တပ်ရဲ့စီးပွားရေး မိုင်တဲ

မိုင်တဲ (Mytel) ကို မြန်မာစစ်တပ်က အရာရှိကြီးတွေနဲ့ ဗီယက်နမ်စစ်တပ်ပိုင် ဗီယက်တဲ (Viettel) ကုမ္ပဏီက ပူးတွဲပိုင်ဆိုင်ပါတယ်။ အာဏာသိမ်းပြီးတဲ့နောက် မိုင်တဲကို အကြီးအကျယ်သပိတ်မှောက်ကြပြီးတဲ့နောက် မိုင်တဲက သူတို့ရဲ့ သုံးစွဲသူ ဆယ်သန်းခန့်ကို ပြန်လည်ထိန်းသိမ်းထားနိုင်ဖို့ လျှော့ဈေးတွေ အမျိုးမျိုးနဲ့ ပြန်လည်မြှူဆွယ်ခဲ့ပါတယ်။ ၂၀၂၁ သြဂုတ်လကတည်းက Mytel Pay, Easy Pay နဲ့ MPT Money လိုမျိုး စစ်တပ်နဲ့ဆက်စပ်တဲ့ ငွေစု၊ ငွေလွှဲ app တွေကို သပိတ်မှောက်ခဲ့ကြပါတယ်။ အလားတူပဲ ခရိုနီဦးတေဇပိုင်တဲ့ အာရှစိမ်းလန်းဖွံ့ဖြိုးရေးဘဏ် (AGD) နဲ့ စစ်တပ်ပိုင် ဘဏ်နှစ်ခု၊ နိုင်ငံတော်ပိုင် ဘဏ်လေးခုတို့ကိုလည်း သပိတ်မှောက်စာရင်းမှာ ထည့်သွင်းခဲ့ကြတယ်လို့ လွတ်လပ်တဲ့ စီပွားရေးပညာရှင်များအသင်း (Independent Economists of Myanmar) ရဲ့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။

DVB လို့ သိကြတဲ့ ဒီမိုကရက်တစ်မြန်မာ့အသံက Mytel ကို တပ်မတော်ရဲ့ စီးပွားရေး လို့ ဖော်ပြပါတယ်။ မိုင်တဲဟာ သုံးစွဲသူတွေရဲ့ အချက်အလက်တွေကို တိတ်တဆိတ် စောင့်ကြည့်ခြင်း၊ အချက်အလက် ခိုးယူသုံးစွဲခြင်းနဲ့ အခြားကိစ္စရပ်တွေကို ချိုးဖောက်တယ်ဆိုတဲ့ စွပ်စွဲချက်တွေကိုလည်း ရင်ဆိုင်နေရပါတယ်။ မိုင်တဲဟာ မြေယာအခွင့်အရေးချိုးဖောက်မှုတွေလည်း ကျူးလွန်တယ်လို့ စွပ်စွဲခံထားရပါတယ်။ ဥပမာအနေနဲ့ ကရင်တိုင်းရင်းသားဒေသမှာ မိုင်တဲနဲ့ပတ်သက်တဲ့ အခြေခံအဆောက်အဦးတွေ တရားမဝင် ဆောက်တာမျိုးတွေဖြစ်ပါတယ်။

စစ်တပ်ဟာ သူတို့ထိန်းချုပ်တဲ့ မိုဘိုင်းအော်ပရေတာတွေကနေ ဆယ်နှစ်ကျော်အတွင်း ဝေစုအဖြစ် အမေရိကန်ဒေါ်လာ သန်း ၇၀၀ ကျော်ထိ ရရှိခဲ့တယ်လို့ Justice for Myanmar အဖွဲ့က ၂၀၂၁ မတ်လမှာ ထုတ်ဖော်ခဲ့ပါတယ်။

“ဒီအကျိုးအမြတ်တွေဟာ စစ်တပ်လက်အောက်မှာ အကြီးအကျယ်ဒုက္ခရောက်နေကြတဲ့ ပြည်သူတွေဆီက လာပါတယ်။ မိုင်တဲနဲ့ ဖုန်းတစ်ခါ ခေါ်တိုင်း၊ မိုင်တဲနဲ့ အင်တာနက်တစ်ခါသုံးမိတိုင်း ပြည်သူတွေကိုဖိနှိပ်မှုအတွက် ငွေကြေးထောက်ပံ့ပေးနေသလို ဖြစ်တယ်” လို့ အဲဒီ အဖွဲ့ကပြောပါတယ်။

တချိန်တည်းမှာပဲ မြန်မာစစ်တပ်နဲ့ ဗီယက်နမ် (ဗီယက်တဲ) ပူးတွဲပိုင်ဆိုင်တဲ့ ဒီစီးပွားရေးကြောင့် မိုင်တဲသုံးစွဲသူပြည်သူတွေက စိုးရိမ်မှုတွေဖြစ်လာပါတယ်။ မိုင်တဲ၊ ဗီယက်တဲနဲ့ သူတို့ရဲ့ ပူးတွဲ ပိုင်ဆိုင်တဲ့ စစ်တပ်အရာရှိတွေဟာ ငွေကြေးအပြင် ပြည်သူတွေကို တိတ်တဆိတ် ခိုးပြီး စောင့်ကြည့်ရာမှာအသုံးပြုနိုင်တဲ့ နည်းပညာနဲ့ အချက်အလက်တွေကိုပါ အကန့်အသတ်မရှိ ရယူနေနိုင်တာပဲဖြစ်ပါတယ်။

ရန်ကုန်မြို့လယ်က ဖုန်းဆိုင်ပိုင်ရှင်တစ်ဦးကို ဩဂုတ်လလယ်ပိုင်းမှာ အင်တာဗျူးလုပ်ကြည့်တော့ မိုင်တဲဆင်းကဒ်ရောင်းအား တော်တော်ကျသွားပြီး အူရီဒူးနဲ့ တယ်လီနောဆင်းမ်ကဒ်တွေ ရောင်းအား ပိုတက်လာတယ်လို့ သူက ပြောပါတယ်။

“ပြည်သူတွေက မိုင်တဲဆင်းမ်ကဒ်တွေကို ချိုးဖဲ့ဖျက်ဆီးပြီး လွှင့်ပစ်ခဲ့ကြတယ်။ မိုင်တဲနဲ့ ဆက်စပ်တဲ့ app တွေကိုလည်း ဖျက်ပစ်ခဲ့ကြပြီး Play store, App Store တို့မှာ bad review တွေ ရေးခဲ့ကြတယ်။ မိုင်တဲနဲ့ ဆက်စပ်တဲ့ အခြား စီးပွားရေးဆိုင်ရာ page တွေလည်း report ပေးခဲ့ကြတာကြောင့် Facebookက ဖြုတ်ချခဲ့တယ်” လို့ သူက ပြောပါတယ်။

၂၀၂၁ ဖေဖော်ဝါရီလကနေ ဧပြီလထိလုပ်ခဲ့တဲ့ သပိတ်မှောက်မှုကြောင့် မိုင်တဲအနေနဲ့ အမေရိကန်ဒေါ်လာ ၂၄.၉ သန်းအထိ နစ်နာခဲ့ရသလို သုံးစွဲသူ နှစ်သန်းကျော်ကိုလည်း ဆုံးရှုံးခဲ့ရပါတယ်။ မကြာခင်မှာ သပိတ်မှောက်ရုံလောက်သာ လုပ်ခဲ့တဲ့ ခုခံမှုကနေ အားပြင်းတဲ့ ခုခံမှုအဖြစ် ပြောင်းလဲလာပါတယ်။ မိုင်တဲဟာ သူတို့ရဲ့ Facebook page ကို Meta က ဖြုတ်မချခင် ၂၀၂၁ စက်တင်ဘာလမှာ ပြန်လည်လည်ပတ်ခဲ့ပါတယ်။ အဲဒီနောက်မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဟာ တစ်နိုင်င်လုံးက မိုင်တဲတာဝါတိုင် ရာချီကို တိုက်ခိုက်ဖျက်ဆီးမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။ အများအားဖြင့် မကွေးနဲ့ စစ်ကိုင်းအစပ် ဒေသတွေမှာ ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

“ကျွန်တော်တို့ရဲ့ တိုက်ခိုက်မှုတွေက မိုင်တဲသုံးတဲ့သူတွေအတွက် လိုင်းအခက်အခဲဖြစ်စေတယ်။ ဒါကပဲ ကျွန်တော်တို့ရည်ရွယ်ချက်ဖြစ်ပါတယ်။ သူတို့ မိုင်တဲရဲ့ ဝန်ဆောင်မှုထိခိုက်စေဖို့နဲ့ ဒီကနေစီးဆင်းနေတဲ့ စစ်တပ်ဝင်ငွေကို ဖြတ်တောက်ဖို့ပါ” လို့ PDF အဖွဲ့ဝင်တစ်ဦးက DVB သတင်းဌာနကို ရှင်းပြပါတယ်

မိုင်တဲတာဝါတိုင်တစ်ခုဟာ အမေရိကန်ဒေါ်လာ နှစ်သိန်းကနေ သုံးသိန်းအထိ ကုန်ကျတယ်ဆိုတာကိုလည်း DVB အနေနဲ့ စုံစမ်းသိရှိရပါတယ်။ နိုင်ငံတဝှမ်းက transmission tower ပေါင်း ၄၄၈၈ ခုနဲ့ transceiver stations ပေါင်း ၁၄၁၂၉ ခုတို့ကို ကာကွယ်စောင့်ရှောက်ဖို့အတွက် လုံခြုံရေးအစီအစဉ်တွေလုပ်ရတဲ့ အကျပ်အတည်းစတဲ့ ကြီးမားတဲ့ ဝန်ထုပ်ဝန်ပိုးတွေကို မိုင်တဲ ရင်ဆိုင်နေရပါတယ်။

စစ်တပ်လက်ဝါးကြီးအုပ်ထားတဲ့ မိုင်တဲတာဝါတိုင်နဲ့ သူတို့ရဲ့ အခြေခံအဆောက်အဦးတွေ ရှိတဲ့နေရာမှာ တိုက်ခိုက်မှုတွေလည်း မြင့်တက်လာခဲ့ပါတယ်။ ၂၀၂၁ စက်တင်ဘာလမှာ မုံရွာမြို့က မိုင်တဲရုံးရှေ့မှာ ရဲအရာရှိတစ်ယောက် အသေပစ်သတ်ခံခဲ့ရပါတယ်

၂၀၂၁ အောက်တိုဘာ ၁၈ ရက်မှာတော့ ဧရာဝတီတိုင်း ဖျာပုံမြို့က မိုင်တဲတာဝါတိုင်တစ်ခု ဗုံးခွဲခံခဲ့ရတာကြောင့် လူငယ် အယောက် ၃၀ အဖမ်းခံခဲ့ရပါတယ်။ နိုင်ငံတဝှမ်းလုံးမှာ တာဝါတိုင် ပဋိပက္ခတွေ များပြား ပြင်းထန်လာပါတယ်။ စစ်တပ်အနေနဲ့ တစ်နိုင်ငံလုံးက သူတို့ရဲ့ မိုင်တဲ အခြေခံအဆောက်အဦးတွေကို စောင့်ရှောက်ဖို့ လူ အလုံအလောက် မရှိပါဘူး။ ဒါကြောင့် စစ်တပ်ဘက်က တာဝါတိုင်အနီးတဝိုက်မှာ မြေမြှပ်မိုင်းတွေ တပ်ဆင်ထားပြီး တာဝါတိုင်အနီးတဝိုက်ကို ချဉ်းကပ်လာသူတွေဟာ အပစ်ခံရမယ်လို့ ကြေညာခဲ့ပါတယ်

ရေစကြို၊ မကွေး၊ မူဆယ်နဲ့ ရှမ်းပြည်နယ်တို့မှာ မိုင်တဲဝန်ထမ်းတချို့ဟာ မိုင်းပေါက်ကွဲမှုကြောင့် ဒဏ်ရာရခဲ့တာမျိုးတွေလည်း ရှိခဲ့ပါတယ်။ တစ်ယောက်ဆိုရင် မိုင်းနင်းမိလို့ ခြေထောက်တစ်ဖက် ဖြတ်လိုက်ရပါတယ်။ မော်လမြိုင်ကျွန်းမြို့နယ်မှာတော့ ရွာသားတွေကို ညဘက်မှာ တာဝါတိုင်မှာ ကင်းစောင့်ဖို့ စစ်တပ်က ဖိအားပေးခဲ့ပါတယ်။ မစောင့်ရင်တော့ ဒဏ်ငွေ ၂သောင်းကျပ် ဆောင်ရတယ်လို့ ‌ဆိုကြပါတယ်။

၂၀၂၁ နိုဝင်ဘာ လေးရက်နေ့မှာ အငြိမ်းစားဗိုလ်မှူးဟောင်းသိန်းအောင် သူရဲ့ဇနီးနဲ့အတူ လမ်းလျှောက်ထွက်စဉ် ပစ်သတ်ခံခဲ့ရပါတယ်။ သူက မိုင်တဲဆက်သွယ်ရေးလုပ်ငန်းရဲ့ အကြီးအကဲတစ်ဦးဖြစ်ပြီး ဘဏ္ဍာရေးမှူးအဖြစ် ဆောင်ရွက်နေသူလည်း ဖြစ်ပါတယ်။ ဦးသိန်းအောင်ဟာ နေရာမှာတင် ပွဲချင်းပြီး သေဆုံးခဲ့သလို သူ့ဇနီးလည်း ဒဏ်ရာရခဲ့ပါတယ်။

ဦးသိန်းအောင်က စစ်တပ်ပိုင်ဆိုင်တဲ့ အခြားသော စီးပွားရေးလုပ်ငန်းတွေမှာလည်း ဦးစီးဦးဆောင်ပြုလုပ်နေသူလည်း ဖြစ်ပါတယ်။ သူက စစ်တပ်ပိုင် လုပ်ငန်းစုကြီးဖြစ်တဲ့ MEC နဲ့ လက်အောက်ခံကုမ္ပဏီဖြစ်တဲ့ Star High Company Limited ရဲ့ အထွေထွေ မန်နေဂျာလည်းဖြစ်ပါတယ်။ အာဏာသိမ်းပြီးနောက်ပိုင်း စစ်တပ်နဲ့ပတ်သက်ဆက်နွယ်တဲ့ထဲက အထင်ရှားဆုံး ပုဂ္ဂိုလ်လုပ်ကြံခံရတဲ့ ဒီကိစ္စကို ဘယ်သူလုပ်တယ်ဆိုတာ မသိရသေးပါဘူး။ ဒါပေမယ့်လည်း ရန်ကုန်ကာကွယ်ရေးတပ်ဖွဲ့ (YDF) အဖွဲ့ဝင် လေးယောက်ဟာ ဒီကိစ္စမှာ ပါဝင်ပတ်သက်တယ်ဆိုပြီး အဖမ်းခံခဲ့ရပါတယ်

တယ်လီနောကို လွှဲပြောင်းရယူခြင်း

မိုင်တဲဝာာဝါတိုင်နဲ့ မိုင်တဲနဲ့ပတ်သက်တဲ့ အခြေခံအဆောက်အဦးတဝိုက်မှာ သွေးထွက်သံယိုဖြစ်မှုတွေဖြစ်နေခဲ့ပါတယ်။ နော်ဝေနိုင်ငံအခြေစိုက် တယ်လီနောဟာလည်း အဆင်မပြေမှုတွေ ကြုံလာရပါတယ်။ တယ်လီနောကို မြန်မာပြည်မှာ အရိုးသားဆုံး၊ အဆင်ပြေဆုံး တယ်လီကွန်းအော်ပရေတာအဖြစ် သိကြပါတယ်။ တစ်ကမ္ဘာလုံးမှာ Telenor အသုံးပြုသူ ၁၈၇ သန်းရှိတဲ့အနက် အသုံးပြုသူ ၉၅% ဟာ အာရှတိုက်က ဖြစ်ပါတယ်။ မြန်မာပြည်ထဲမှာတင် တယ်လီနော အသုံးပြုသူ ၁၈.၂ သန်းလောက်ရှိနေတာဖြစ်ပြီး ဒါဟာ နိုင်ငံလူဦးရေရဲ့ သုံးပုံတစ်ပုံလောက် ဖြစ်ပါတယ်။

အာဏာသိမ်းပြီးတဲ့နောက်ပိုင်း စစ်တပ်က အွန်လိုင်းဖိနှိပ်မှုကို သိသိသာသာ မြှင့်တင်လုပ်ဆောင်လာပါတယ်။ အာဏာသိမ်းစစ်အုပ်စုဟာ သုံးစွဲသူတွေရဲ့ အချက်အလက်တွေကို ရယူသုံးစွဲနိုင်ခြင်း စတဲ့ ဥပဒေပြင်ဆင်ချက်တွေကို ပြဌာန်းခဲ့ပါတယ်။ ဒါ့အပြင် မိုဘိုင်းအော်ပရေတာတွေနဲ့ အင်တာနက် ဝန်ဆောင်မှုပေးတဲ့ လုပ်ငန်းတွေကို တချို့ ဝက်ဆိုဘ်တွေနဲ့ VPN တွေကို ပိတ်ပစ်ဖို့ ထုတ်ပြန်ခဲ့တာလည်း ရှိပါတယ်။ ဒီလိုနဲ့ တယ်လီနောဟာ အသုံးပြုသူတွေနဲ့ စစ်တပ်ရဲ့ကြား အကြပ်ရိုက်လာတဲ့ အခြေအနေကို ရောက်လာခဲ့ပါတယ်။ ဒါကြောင့်ပဲ ဖိအားတွေအောက်မှာ ဆက်လက်မရပ်တည်ဖို့၊ စစ်အစိုးရရဲ့လက်အောက်မှာ လုပ်ငန်းမလည်ပတ်တော့ဖို့ တယ်လီနောဘက်က စိတ်ပိုင်းဖြတ်ခဲ့ပါတယ်။

၂၀၂၁ ဇူလိုင်လမှာ တယ်လီနောက သူတို့ရဲ့ မြန်မာပြည်တွင်းကုမ္ပဏီကို လက်ဘနွန်နိုင်ငံ အခြေစိုက် M1 Group ဆီကို ရောင်းချဖို့ ဖြစ်လာခဲ့ပါတယ်။ မြန်မာနိုင်ငံတွင်းက တယ်လီနောကုမ္ပဏီဟာ အမေရိကန်ဒေါ်လာ သန်း ၆၀၀ ‌တန်ကြေးရှိခဲ့ပါတယ်။

“ရောင်းဖို့လိုလာပြီလို့ တွေးမိရခြင်းအကြောင်း သုံးချက်ရှိပါတယ်။ ပထမတချက်က ကျွန်တော်တို့ ဝန်ထမ်းတွေရဲ့ လုံခြုံမှုပါ။ ပြီး‌တော့ စည်းမျဉ်းစည်းကမ်းနဲ့ ပတ်သက်တဲ့ အခြေအနေတွေနဲ့ အတင်းအကြပ် လိုက်လျောရတာမျိုးတွေလည်း ရှိပါတယ်” လို့ တယ်လီနောရဲ့ အမှုဆောင် အရာရှိချုပ် Sigve Brekke က Reuters ကိုပြောပါတယ်

“မေလမှာ ဒီစီးပွားရေးကနေ ထွက်ခွာဖို့ဆုံးဖြတ်လိုက်ချိန်မှာ စိန်ခေါ်မှုတွေကတော့ စောင့်ကြိုနေမှာဖြစ်ပေမယ့် ဒီနိုင်ငံကနေ မထွက်ခွာသေးဘဲ ဆက်လက်လည်ပတ်လို့ ရနိုင်သေးတယ်ဆိုတာ ကျွန်တော်တို့ ခံစားမိပါတယ်” လို့ ကုမ္ပဏီရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

တယ်လီနောသုံးစွဲသူတွေရဲ့ အချက်အလက်တွေကို ဘယ်သူက ဘယ်လိုဆက်လက်ထိန်းချုပ်ကိုင်တွယ်မှာကို မသိရဘဲနဲ့ တယ်လီနောကို M1 Group ထံ အလျင်အမြန် ရောင်းချခဲ့ရတာဖြစ်ပါတယ်။ M1 Group ဟာ ဖိနှိပ်ချုပ်ခြယ်တဲ့အစိုးရတွေလို့ နာမည်ကြီးတဲ့ ဆီးရီယား၊ ဆူဒန်အစိုးရတွေနဲ့အတူ အလုပ်အတူတွဲလုပ်ဖူးတဲ့ မှတ်တမ်းတွေလည်း ရှိပါတယ်။ M1 Groupကို တည်ထောင်သူဟာ လက်ဘနွန်နိုင်ငံရဲ့ လက်ရှိ ဝန်ကြီးချုပ်ဖြစ်ပါတယ်။ သူက သိသာထင်ရှားတဲ့ အကျင့်ပျက်ချစားမှုတွေအတွက် နိုင်ငံတကာ စုံစမ်းထုတ်ဖော် သတင်းထောက်များအဖွဲ့ (International Consortium of Investigative Journalists) က ထုတ်ပြန်တဲ့ Pandora Papers မှာ ဖော်ပြစွပ်စွဲခံထားရတာ ဖြစ်ပါတယ်။

“တယ်လီနောကို M1 Groupထံ ရောင်းချတာဟာ နိုင်ငံတွင်း လူ့အခွင့်အရေးကို ပိုပြီးအားနည်းစေသလို လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်နဲ့ ကိုယ်ရေးကိုယ်တာ အခွင့်အရေးတွေကို ပိုပြီးအားနည်းစေနိုင်တယ်” လို့ Nonprofit organization တစ်ခုဖြစ်တဲ့ Digital Reach ကို တည်ထောင်သူ Sutawan ‘Ploy’ Chanprasert က ပြောပါတယ်။ သူတို့အဖွဲ့အစည်းဟာ အရှေ့တောင်အာရှရဲ့ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်၊ ကိုယ်ရေးကိုယ်တာ အခွင့်အရေး၊ ဒစ်ဂျစ်တယ်လုံခြုံရေး စတာတွေအပေါ် နည်းပညာရဲ့ အကျိုးသက်ရောက်မှုကို စောင့်ကြည့်နေတဲ့ အဖွဲ့အစည်းဖြစ်ပါတယ်။

“ဒါပေမယ့် လူ့အခွင့်အရေးကို လေးစားတဲ့ ဘယ်စီးပွားရေးလုပ်ငန်းမဆို နိုင်ငံတွင်းမှာ အလွယ်တကူ လုပ်ကိုင်လည်ပတ်နိုင်မှာမဟုတ်ကြောင်း သတိပြုမိသင့်ပါပြီ။ စစ်တပ်ရဲ့ အမိန့်‌အာဏာတွေကို လိုက်နာတဲ့ စီးပွားရေးလုပ်ငန်းတွေပဲ နိုင်ငံတွင်းမှာ ဆက်ပြီး ရှင်သန်ကြလိမ့်မယ်” လို့ သူက မှတ်ချက်ပြုပါတယ်။

အာဏာသိမ်းစစ်တပ်ဟာ ဆက်သွယ်ရေးကုမ္ပဏီတွေကို intercept spyware တွေ တပ်ဆင်ထားဖို့ ဖိအားပေးခဲ့ပါတယ်။ Intercept spyware ဆိုတာ ဆက်သွယ်ရေးကုမ္ပဏီတွေ၊ အင်တာနက်ကုမ္ပဏီတွေရဲ့ အကူအညီမလိုဘဲ အာဏာပိုင်တွေအနေနဲ့ ဖုန်းခေါ်ဆိုမှုတွေ၊ မက်ဆေ့ခ်ျတွေ၊ အီးမေးလ်တွေအပြင် အသုံးပြုသူတွေရဲ့ နေရာကို ခြေရာခံနိုင်မယ့် စနစ်ဖြစ်ပါတယ်။

“ဘယ်လိုပဲဖြစ်ဖြစ် တယ်လီနောက နိုင်ငံတွင်းမှာ ရှိနေတော့ သူတို့ ပိုပြီးတာဝန်ယူသင့်ပါတယ်။ သုံးစွဲသူတွေရဲ့ အချက်အလက်တွေ စစ်အစိုးရရဲ့လက်အောက်ကို ရောက်သွားရင် ပြည်သူတွေရဲ့ အခွင့်အရေးတွေ ခြိမ်းခြောက်ခံရမှုက ပိုပြီးထိလွယ်ရှလွယ်ဖြစ်လာမှာ သိသာပါတယ်” လို့ Sutawan Chanprasert က ဖြည့်စွက် ပြောကြားပါတယ်။

ပြည်သူတွေ အဖမ်းခံရပြီဆိုရင် ပထမဆုံး ရင်ဆိုင်ကြုံတွေရတာက စစ်ကြောရေးစခန်းတွေပါ။ ဖမ်းဆီးခံရသူတွေဟာ စစ်ကြောရေးမှာ သူတို့ရဲ့ ဖုန်းထဲက ဆက်သွယ်ရေး contact တွေ၊ အခြားသူတွေနဲ့ ပို့ထားတဲ့ စာတွေကို စစ်ဆေးခံရပါတယ်။ encrypted လို့ ခေါ်တဲ့ ကုဒ်ဝှက်ပြီး ပို့တဲ့ မက်ဆေ့ခ်ျတွေကိုတောင် ပြန်လည်ရယူပြီး ဖတ်လို့ရတဲ့ အရာတွေ စစ်ကောင်စီမှာ ရှိလာပြီလို့ သိရပါတယ်။ အာဏာမသိမ်းခင်တုန်းကအချက်အလက် တစ်စုံတစ်ရာဖြည့်စရာမလိုဘဲ ကြိုတင်မှတ်ပုံတင်ထားတဲ့ ဆင်းမ်ကဒ်တွေ ဝယ်လို့ရပါတယ်။ အခုတော့ ဆင်းမ်ကဒ်တစ်ကဒ်ကို မှတ်ပုံတင်ဖို့ဆိုရင် ဓာတ်ပုံ၊ လိပ်စာနဲ့ အခြားကိုယ်ရေးအချက်အလက်တွေပါဝင်တဲ့ နိုင်ငံသားစိစစ်ရေးကဒ်ပြားလိုလာပါတယ်။ ဖုန်းနံပါတ်တစ်ခု၊ ဒါမှမဟုတ် အကောင့်တစ်ခုကို ဖွင့်ကြည့်လိုက်ရုံနဲ့ သက်ဆိုင်ရာ လူရဲ့ အချက်အလက်တွေအားလုံးကို ဖော်ထုတ်ကြည့်ရှုနိုင်တဲ့သဘောဖြစ်ပါတယ်။

“တယ်လီနောက အကောင်း အဆိုးတွေ အများကြီးကို ခံစားခဲ့ရတာ။ တချို့က သပိတ်မှောက်ဖို့ ပြောတာ ခံရတယ်။ တချို့က နိုင်ငံတွင်းမှာ ဆက်နေစေချင်ခဲ့တယ်။ ဒီကိစ္စကပဲ မြန်မာပြည်ရဲ့ အင်တာနက် လွန်ဆွဲပွဲ အခြေအနေ ဘယ်လိုရှိလဲ ထင်ဟပ်စေပါတယ်။ တစ်ဖက်က အင်တာနက်ကို လိုချင်၊ လိုအပ်တဲ့ ပြည်သူတွေနဲ့ ပြည်သူတွေရဲ့ ဒီလိုအပ်ချက်ကို အမြတ်ထုတ်ဖို့ အခွင့်အရေးစောင့်နေတဲ့ စစ်တပ်တို့ရဲ့ ပြိုင်ပွဲပါပဲ” လို့ စီးပွားရေးနဲ့ လူ့အခွင့်အရေးအကြံပေးအဖွဲ့ဖြစ်တဲ့ Article 30 ရဲ့ တည်ထောင်သူ မက်သရူးမူလန် (Matthew Mullen) က အင်တာဗျူးတစ်ခုမှာ ပြောခဲ့ပါတယ်။ သူက မြန်မာပြည်ကို ပြောင်းလဲစေခဲ့သော လမ်းကြောင်းများ စာအုပ် (Pathways that changed Myanmar) ကို ရေးသားခဲ့သူလည်း ဖြစ်ပါတယ်။

“တယ်လီနောက အကြပ်အတည်းဖြစ်နေပြီဆိုတာ အစုရှယ်ယာရှင်တွေက နားလည်ခဲ့ကြပါတယ်။ သူတို့အနေနဲ့ အရမ်းခြားနားသွားတဲ့ဖြစ်စဉ်တွေ ဖြစ်လာဖို့ မမျှော်လင့်ခဲ့ကြပါဘူး။ ဒါပေမယ့် သူတို့က မြန်မာပြည်တွင်းက အင်တာနက်သုံးစွဲသူတွေအတွက် တယ်လီနော ဘာလုပ်မလဲဆိုတာကိုတော့ မြင်ချင်ခဲ့ကြတာပါ။ တယ်လီနောအနေနဲ့ M1 Group ဆီကို ရောင်းချဖို့ ဆုံးဖြတ်ခဲ့တဲ့အပြင် စိတ်ရှည်ရှည်နဲ့ လုံလထားပြီး တခုခုလုပ်ဖို့ မတွေးခဲ့ပါဘူး။ ဒီအချက်တွေက ပြည်သူတွေရဲ့ အန္တရာယ်အပေါ် စစ်မှန်တဲ့ စိုးရိမ်မှု မရှိဘူးဆိုတာ ညွှန်ပြနေပါတယ်” လို့ မက်သရူး မူလန်က ဆက်ပြောပါတယ်။

၂၀၂၁ ဇူလိုင်လမှာ The Center for Research on Multinational Corporations နဲ့ မြန်မာအခြေစိုက် အရပ်ဘက်အဖွဲ့အစည်းများက တယ်လီနောထွက်ခွာမယ့် ကိစ္စနဲ့ ပတ်သက်ပြီး ပူးတွဲတိုင်ကြားချက်တစ်ခု ပြုလုပ်ခဲ့ပါတယ်။ တယ်လီနောထွက်ခွာမယ့် ကိစ္စကို နော်ဝေ National Contact Point က တရားဝင် လက်ခံခဲ့ပါတယ်။

လူ့အခွင့်အရေးနဲ့ စီးပွားရေးအင်စတီကျုကလည်း တယ်လီနောကို အကြုံပြုချက်များစွာ ပေးခဲ့ပါတယ်။ တယ်လီနောအနေနဲ့ ပိုပြီး တာဝန်ယူနိုင်မယ့်သူထံ ရောင်းချသင့်ကြောင်း၊ သူတို့ရဲ့ ဝန်ထမ်းတွေကို ကာကွယ်ပေးသင့်ကြောင်း၊ တယ်လီနောမှာ ဖြည့်သွင်းထားတဲ့ အချက်အလက်တွေကို စစ်တပ်က အသုံးပြုပြီး ပစ်မှတ်ထားတာခံရနိုင်တဲ့ တယ်လီနော သုံးစွဲသူတွေကို ထောက်ပံ့ဖို့ ရန်ပုံ‌ငွေတစ်ခု ထူထောင်သင့်ကြောင်း စတာတွေကို အကြံပြုခဲ့ကြပါတယ်။

အာဏာသိမ်းပြီးတစ်နှစ်အကြာမှာ တယ်လီနော ကုမ္ပဏီဘက်က Stock အသစ်တွေ ဆက်ထောက်ပံ့ရေး မသေချာဖြစ်နေတာကြောင့် ဆင်းကဒ်တစ်ကဒ်ရဲ့ တန်ဖိုးက နှစ်ဆလောက် တက်သွားပါတယ်။ ၂၀၂၂ ဇန်နဝါရီလ ၆ ရက်နေ့မှာ ဆင်းကဒ်တစ်ကဒ်ကို စတင်အသုံးပြုဖို့အတွက် မဖြစ်မနေ နှစ်သောင်းကျပ် အခွန်ပေးဆောင်ရမယ်လို့ အာဏာသိမ်းစစ်အစိုးရက တင်းကြပ်ခဲ့ပါတယ်။

အခုတော့ ပြည်သူတွေအနေနဲ့ ၁၅၀၀ တန် ဆင်းမ်ကဒ်တစ်ကဒ်ကို တရားဝင်ဆိုင်တစ်ဆိုင်မှာ ဝယ်ယူပြီး စတင်အသုံးပြုဖို့ဆိုရင် ၂၁၅၀၀ ကျပ် ထိ အသုံးပြုကြရပါတယ်။ အာဏာမသိမ်းခင်ကတော့ ဆင်းမ်ကဒ်တစ်ကဒ်ကို ၁၅၀၀ ကျပ်သာ ပေးရတာဖြစ်ပြီး မှောင်ခိုဈေးကွက်မှာဆိုရင် တစ်ကဒ်ကို ၃၀၀ ကျပ်လောက်နဲ့တင် ရရှိနိုင်ကြောင်း သိရပါတယ်။

ဒီအတောအတွင်းမှာ တယ်လီနောဟာ သူတို့ ပိုင်တဲ့ Wave Pay ရဲ့ ၅၁% ကို အဓိကမိတ်ဖက်ကုမ္ပဏီထံရောင်းဖို့ သဘောတူလိုက်ပါတယ်။ သူတို့ရဲ့ အဓိကမိတ်ဖက်ကုမ္ပဏီဟာ Yoma Strategic Holdings လို့ ခေါ်တဲ့ ကုမ္ပဏီဖြစ်ပါတယ်။ အဲဒီကုမ္ပဏီကိုတော့ မြန်မာပြည် သူဌေးကြီး Serge Pun (ခေါ်) ဦးသိမ်းဝေ က ပိုင်ဆိုင်တာဖြစ်ပါတယ်။ ဦးသိမ်းဝေဟာ ဆောက်လုပ်ရေးကုမ္ပဏီတစ်ခုဖြစ်တဲ့ New Yangon Development Company ရဲ့ အမှုဆောင် အရာရှိချုပ်လည်း ဖြစ်ပါတယ်။

တယ်လီနောမြန်မာကုမ္ပဏီလိမိတက်ကို M1 Groupက လွှဲပြောင်းရယူပြီး လေးလအကြာ ၂၀၂၂ မေလ ၃၀ ရက်နေ့မှာ သူတို့ရဲ့ နာမည်ကို Atom Myanmar လို့ ပြောင်းခဲ့ပါတယ်။ “နာမည်ပြောင်းလိုက်တာက ငွေချေပြီးကြောင်း အခြေအနေကို ထင်ဟပ်ချင်လို့ဖြစ်ပါတယ်” လို့ ကုမ္ပဏီဘက်က ထုတ်ပြန်ပါတယ်။

“ဒီပြောင်းလဲမှုနဲ့အတူ အက်တမ်မြန်မာကုမ္ပဏီလိမိတက်အနေနဲ့ ကျယ်ပြန့်တဲ့ ဈေးကွက်မှာ ကျွန်တော်တို့ရဲ့ လုပ်နိုင်စွမ်းကို မြှင့်တင်သွားမှာပါ။ ပိုကောင်းတဲ့ ဆက်သွယ်ရေးဝန်ဆောင်မှုတွေနဲ့ အားလုံးအတွက် စီးပွားရေးအခွင့်အလမ်းတွေ ထောက်ပံ့သွားမှာပါ။ နာမည်ပြောင်းလိုက်တာကလွဲပြီး ဝန်ဆောင်မှုနဲ့ ထုတ်ကုန်တွေကတော့ ဒီတိုင်းဆက်ရှိနေဦးမှာပါ” လို့ ကုမ္ပဏီဘက်က ပြောကြားခဲ့ပါတယ်။

တယ်လီနောကုမ္ပဏီထွက်ခွာသွားပြီး မကြာခင်မှာပဲ ကာတာအခြေစိုက် အူရီဒူးကုမ္ပဏီကလည်း သူတို့ရဲ့ မြန်မာပြည်တွင်းက အူရီဒူးလုပ်ငန်းစုကို အမေရိကန် ဒေါ်လာ ၅၇၆သန်းနဲ့ စင်ကာပူအခြေစိုက် Nine Communications ထံ ရောင်းချဖို့ သဘောတူညီချက်ကို ၂၀၂၂ စက်တင်ဘာမှာ လက်မှတ်ရေးထိုးခဲ့ပါတယ်။ Nine Communications ဆိုတာ Link Family Office နဲ့ ဝန်ကြီးဟောင်း ဦးဉာဏ်ဝင်းတို့ရဲ့ လက်အောက်ခံ ကုမ္ပဏီတစ်ခုဖြစ်ပြီး စစ်တပ်အရာရှိဟောင်း ဦးစိုးမောင်တို့နဲ့ နီးစပ်တဲ့ လုပ်ငန်းတွေဖြစ်ပါတယ်။

အူရီဒူးကုမ္ပဏီရောင်းချမယ့်ကြေညာချက်ကြောင့် ဝေဖန်သံတွေ ဆူညံလာခဲ့ပါတယ်။ အူရီဒူးသုံးစွဲသူ ပြည်သူ ၉ သန်းကျော်ရဲ့ အချက်အလက်တွေကို စစ်တပ်ရဲ့လက်ထဲ ထည့်ပေးလိုက်တာပဲလို့ အခွင့်အရေးအဖွဲ့တွေက ဆိုကြပါတယ်။

စစ်အစိုးရရဲ့ ထိန်းချုပ်မှုအောက်

မြန်မာနိုင်ငံမှာ အခုလက်ရှိ လည်ပတ်နေတဲ့ ဆက်သွယ်ရေးကုမ္ပဏီအားလုံးဟာ စစ်တပ်ရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိနေပါတယ်။ အာဏာသိမ်းစစ်အစိုးရဟာ အင်တာနက်ကို လုံးဝပိတ်ပစ်ဖို့တော့ မလုပ်ခဲ့ပါဘူး။ ဒါပေမယ့် အဲဒီလိုမပိတ်ပစ်ခဲ့တာကိုက သူတို့အတွက် အရေးပါတဲ့ အရာတစ်ခုဖြစ်ခဲ့ပါတယ်။ ဥပမာ ဆိုရှယ်မီဒီယာအကောင့်တွေကို စောင့်ကြည့်တာ၊ သံသယရှိသူတွေရဲ့ ဖုန်းတွေကို စောင့်ကြည့်တာမျိုးတွေ လုပ်လို့ ရနေခဲ့တာပါ။ SMS ကနေ သတိပေးစာတွေ ပို့ခံရတယ်လို့လည်း ပြည်သူ‌တချို့ဆီက သိရပါတယ်။ လွတ်မြောက်‌နယ်မြေမှာ ရောက်ရှိနေတဲ့ အမျိုးသမီးတစ်ဦးက “အရင်တုန်းက ဒါမျိုးမဖြစ်ဖူးပါဘူး။ အခုတော့ စစ်ကောင်စီက လူတွေကို ခြောက်လှန့်ဖို့ မက်ဆေ့ခ်ျတွေပို့နေပြီလေ။ ဖုန်းထဲက အချက်အလက်တွေကို သူတို့ထိန်းချုပ်ထားတာလို့ ပြချင်နေတဲ့သဘောဖြစ်မယ်” လို့ ပြောပါတယ်။

ပြည်တွင်းမှာရှိတဲ့ ဆက်သွယ်ရေးလုပ်ငန်းတွေကို အယုံအကြည်မရှိတော့တာကြောင့် အီလွန်မတ်စ်ခ်ရဲ့ Space X က လွှတ်တင်တဲ့ ဂြိုဟ်တုတွေဆီကရတဲ့ အင်တာနက်ကို နိုင်ငံတွင်းမှာ ထောက်ပံ့ပေးဖို့ အချို့တက်ကြွလှုပ်ရှာသူတွေက တောင်းဆိုခဲ့ကြပါသေးတယ်။ အီလွန်မတ်စ်ခ်ရဲ့ ဒီအင်တာနက်ဟာ ယူကရိန်းစစ်ပွဲမှာလည်း မရှိမဖြစ် အခန်းကဏ္ဍကနေ ပါဝင်ခဲ့ပါတယ်။ ယူကရိန်းစစ်မြေပြင်မှာ ဆက်သွယ်ရေးအထောက်အကူပစ္စည်းတွေ ရရှားတွေဖျက်ဆီးတာ ခံလိုက်ရပေမယ့် Starlink ဂြိုဟ်‌တုတွေဆီက အင်တာနက်ကို အသုံးပြုခဲ့ကြတာပါ။ အီရန်မှာလည်း အလားတူဖြစ်ရပ်မျိုး ရှိခဲ့ဖူးပါတယ်။ Space X ရဲ့ ဒီဝန်ဆောင်မှုဟာ ၂၀၂၂ စက်တင်ဘာလမှာ စတင် ခဲ့တာဖြစ်ပါတယ်။

Nikkei Asian Reviewရဲ့ အဆိုအရ Space X ဟာ ၂၀၁၉ ကစလို့ အာကသထဲကို ဂြိုဟ်တုပေါင်း ၅၀၀၀ လွှတ်တင်ခဲ့တယ်လို့ သိရပါတယ်။ ၂၀၂၃ နှစ်ဝက်မှာတင် ဂြိုဟ်တု ၁၀၀၀ ကျော်လောက် လွှတ်တင်ခဲ့တာပါ။ Space X အနေနဲ့ စုစုပေါင်း ဂြိုဟ်တု ၄၂၀၀၀ လောက် လွှတ်တင်ဖို့ ခွင့်ပြုချက် တောင်းခံခဲ့တယ်လို့လည်း သိရပါတယ်။ Space X ရဲ့ Starlink ဂြိုဟ်တုတွေဟာ ကမ္ဘာမြေပြင်ရဲ့အထက် ၃၀၀ ကနေ ၆၀၀ ကီလိုမီတာ အမြင့်မှာ လည်ပတ်နေတာဖြစ်တဲ့အတွက် သူတို့ဆီကရမယ့် အင်တာနက်တွေ မြန်နှုန်းမြင့်ပါတယ်။ အဲဒီဂြိုဟ်တုဆီက အင်တာနက်ကို အသုံးပြုမယ့်သူတွေ အနေနဲ့လည်း ၅၀×၃၀ စင်တီမီတာလောက်ရှိတဲ့ အင်တာနာတစ်ခုသာ တပ်ဆင်ထားဖို့ လိုအပ်တာဖြစ်ပါတယ်။

ကရင်နီပြည်နယ်ရဲ့နေရာအချို့မှာ Starlink ဂြိုဟ်တုတွေက အင်တာနက်ကို အသုံးပြုလို့ရခဲ့တယ်လို့ အမေရိကန် NGO အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ Free Burma Rangers အဖွဲ့က ပြောပါတယ်။ ဒီအဖွဲ့ဟာ စစ်ဖြစ်ပွားတဲ့နေရာတွေမှာ ကျန်းမာရေးစောင့်ရှောက်မှုတွေ၊ လူသားချင်းစာနာထောက်ထားမှုအကူအညီတွေနဲ့ စစ်ရေးလေ့ကျင့်မှုတွေကိုပါ သင်ကြားပေးပြီး လူမျိုးပေါင်းစုံပါဝင်တဲ့ အဖွဲ့ဖြစ်ပါတယ်။ ဒါပေမယ့် ဒီဂြိုလ်တုက ဝန်ဆောင်မှုကို အခမဲ့တော့ မရပါဘူး။ တစ်လကို ‌အမေရိကန် ဒေါ်လာ ၃၀၀၀ ကနေ ၄၀၀၀ ထိ ကုန်ကျတယ်လို့ စစ်ဖြစ်တဲ့နေရာမှာ အလုပ်လုပ်နေတဲ့ အဲဒီအဖွဲ့ကပြောပါတယ်။ ဒါကြောင့် တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ အဲဒီဒေသက ပြည်သူတွေအတွက်တော့ အဆင်မပြေပါဘူး။

မြန်မာပြည်သူတွေအတွက် ပိုမိုကောင်းမွန်တဲ့ ရွေးချယ်စရာတွေ ရှိမလာသ၍ ပြည်သူလူထုတစ်ရပ်လုံးဟာ စစ်အစိုးရရဲ့ စောင့်ကြည့်နေတဲ့ မျက်လုံးတွေအောက်မှာ သူတို့ရဲ့ လုံခြုံမှုတွေကို စိုးရိမ်ပူပန်မှုလျက် ရှင်သန်သွားကြရဖို့သာ ရှိပါတယ်။ “ပိုက်ဆံပေး သုံးရတဲ့ VPNနဲ့ စစ်စစ်တပ်ပိုင် ဆင်းမ်ကဒ်ကို သုံးဖို့ကလွဲပြီး ကျွန်တော်တို့မှာ ရွေးချယ်စရာမရှိဘူး” လို့ ပဋိပက္ခတွေဖြစ်ပွားနေတဲ့ နေရာမှာ ရောက်နေတဲ့ သတင်းထောက်တစ်ယောက်က ငြီးတွားပါတယ်။