Search
Close this search box.

အသက်အန္တရာယ်ထိ စိုးရိမ်နေရတဲ့ အွန်လိုင်းလက်နက် တယ်လီဂရမ်

This post is also available in: English

A still from the Tech Tales film ‘Black Out’

ယခုဆောင်းပါးကို မြန်မာသတင်းထောက်များ၊ ဓာတ်ပုံဆရာများ၊ ရုပ်ရှင်ဒါရိုက်တာများနှင့် အနုပညာရှင်များ ပေါင်းစည်းကာ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုနှင့် ပတ်သက်သော ဖန်တီးထုတ်လုပ်မှုများ ပြုလုပ်တင်ဆက်ရာတစ်ခုဖြစ်သော Visual Rebellion မှ Mi-Kun က ရေးသားတင်ဆက်ထားပါသည်။

၂၀၂၀ မှာ အကြီးအကျယ် ကျရောက်ခဲ့တဲ့ ကိုဗစ်ကပ်ရောဂါဆိုးဟာ ကမ္ဘာတဝှမ်းလုံးရဲ့ လူနေမှုဘဝပုံစံတွေကို ပြောင်းလဲစေခဲ့ပါတယ်။ ဒီကပ်ရောဂါကြောင့် မြန်မာနိုင်ငံသူ၊ နိုင်ငံသားတွေရဲ့ နေထိုင်မှုပုံစံတွေလည်း ပြောင်းလဲလာခဲ့ပါတယ်။ ဒီကပ်ဘေးကြောင့် ကျောင်း၊ စီးပွားရေးနဲ့ အလုပ်ရုံစက်ရုံစတာတွေကို အချိန်တစ်ခုထိ ပိတ်ထားခဲ့ကြရပါတယ်။ အပြင်သွားရင် ခပ်ခွာခွာနေခဲ့ရတာမျိုးတွေလည်းရှိခဲ့ပါတယ်။ ဒစ်ဂျစ်တယ်နည်းပညာအသုံးပြုမှုတွေ မြင့်တက်လာခဲ့ပြီး အထူးသဖြင့် Facebook၊ Instagram၊ TikTok နဲ့ Twitterတို့လို လူမှုကွန်ယက်အသုံးပြုမှု အတော်မြင့်တက်လာတာကို တွေ့ခဲ့ရပါတယ်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်‌မှာ နေပြည်တော်မှာ အာဏာသိမ်းမှုဖြစ်ခဲ့ပါတယ်။ နိုင်ငံတဝှမ်းလုံးက သန်းနဲ့ချီတဲ့ ပြည်သူတွေဟာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်တဲ့ အာဏာသိမ်းမှုကို လမ်းမတွေမှာ ကြွေးကြော်ဆန္ဒပြခဲ့ကြပါတယ်။ ဆိုရှယ်မီဒီယာအသုံးပြုမှု မြင့်တက်လာခြင်းရဲ့ အကျိုးဆက်အနေနဲ့ အာဏာသိမ်းမှုဆန့်ကျင်ဆန္ဒပြတဲ့ ပွဲတွေ၊ သရုပ်ဖော်အစီအစဉ်တွေ၊ အွန်လိုင်းအဖွဲ့အစည်းတွေလည်း ပေါ်ပေါက်လာခဲ့ပါတယ်။ ဒီလို အွန်လိုင်းဆန္ဒပြမှုတွေမှာပါဝင်တဲ့သူတွေ၊ ပွဲစီစဉ်သူတွေ‌နဲ့ မြေပြင်ဆန္ဒပြသူတွေအတွက် အချက်အလက်မျှဝေသူတွေကို “Keyboard Fighters” လို့ ခေါ်ခဲ့ကြပါတယ်။

မြန်မာပြည်မှာ အကြီးမားဆုံးသော အင်တာနက်ကဏ္ဍက ဖေ့စ်ဘွတ်ဖြစ်ပါတယ်။ နိုင်ငံတဝှမ်း ဖေ့စ်ဘွတ်အသုံးပြုသူ ၁၄ သန်းခွဲဝန်းကျင်ရှိပါတယ်။ အကောင့်တစ်ခုထက်ပိုပြီး သုံးကြတဲ့ ပြည်သူတွေလည်း အများအပြားပါ။ ကီးဘုတ်ဖိုက်တာ လို့ ခေါ်ကြတဲ့ အွန်လိုင်းဆန့်ကျင်လှုပ်ရှားတဲ့ ပြည်သူတွေဟာ ဆိုရှယ်မီဒီယာတွေမှာ သတင်းအချက်အလက် မျှဝေမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။ ဒီနောက်မှာ သတင်းအချက်စီးဆင်းမှုကို ရပ်တန့်ဖို့ စစ်တပ်ဘက်က Facebook, Messenger, Instagram, Twitter, WhatsApp စတာတွေကို ပိတ်ပင်လိုက်ပါတယ်။

ဒါပေမယ့်လည်း ပြည်သူတွေက စစ်တပ်ရဲ့ပိတ်ပင်မှုကို ရှောင်ရှားဖို့ VPN တွေသုံးပြီး ဆိုရှယ်မီဒီယာကို ဆက်သုံးခဲ့ကြပါတယ်။ Keyboard Fighter တွေကလည်း သတင်းအချက်အလက်ပျံ့နှံ့မှု မြန်စေဖို့အတွက် VPN မလိုတဲ့ Telegram, Signal နဲ့ Viber တွေကို စတင်အသုံးပြုခဲ့ကြပါတယ်။

အထူးသဖြင့် တယ်လီဂရမ်ဟာ အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံတွင်းမှာ လွယ်ကူ၊ လုံခြုံစိတ်ချရတဲ့ အက်ပလီကေးရှင်းတစ်ခုဖြစ်လာခဲ့ပါတယ်။ ဒါပေမယ့် တယ်လီဂရမ်ရဲ့ အားနည်းတဲ့ စိစစ်မှု မူဝါဒတွေက သူတို့ပလက်ဖောင်းပေါ်မှာ လူ့အ‌ခွင့်အရေးချိုးဖောက်မှု‌ အများအပြား ဖြစ်ပေါ်စေခဲ့ပါတယ်။ ဝါဒဖြန့်သူတွေရဲ့ ပြည်သူတွေရဲ့ ကိုယ်ရေးကိုယ်တာ အချက်အလက်တွေကို ဖြန့်ဝေတဲ့ ပို့စ်တွေ၊ အကြမ်းဖက်မှုကို လှုံ့ဆော်တဲ့ ပို့စ်တွေ၊ အမျိုးသမီးတွေကို လိင်ပိုင်းဆ်ိုင်ရာ ဦးတည်တိုက်ခိုက်တဲ့ ပို့စ်တွေကို တယ်လီဂရမ်က လစ်လျှူရှုထားခဲ့ပါတယ်။

အွန်လိုင်းစစ်မြေပြင်ဖြစ်လာတဲ့ တယ်လီဂရမ်

ငြိမ်းချမ်းစွာဆန္ဒပြခဲ့ကြတဲ့ ထောင်ချီကို စစ်တပ်က သတ်ဖြတ်ငြင်းဆဲခဲ့သလို အဖမ်းခံရသူတွေကလည်း သောင်းချီနေပါတယ်။ ဒီလိုအဖြစ်အပျက်ဆိုးတွေကြောင့် ပြည်သူတွေဟာ အကြောက်တရား၊ ဒေါသနဲ့ ကိုယ်စိတ် မလုံခြုံမှုတွေနဲ့ ရှင်သန်ခဲ့ရပါတယ်။ ဝါဒဖြန့်မှု၊ သတင်းအချက်အလက်ဖြတ်တောက်မှု၊ ပြည်သူတွေရဲ့ ထွေပြားဝေဝါးတဲ့ စိတ်တွေနဲ့ အကြောက်တရားဟာ ပိုတိုးလာခဲ့ပါတယ်။

စစ်အုပ်စုဟာ စစ်တပ်မိသားစုအသိုင်းအဝိုင်းတွေကို အာဏာသိမ်းမှုကို ထောက်ခံဖို့ ဖိအားပေးမှုတွေလည်း ရှိခဲ့ပါတယ်။ ‌ဗီဒီယိုထဲမှာ မြင်တွေ့ရတဲ့အတိုင်း စစ်တပ်ပိုင် တီဗီလိုင်းတွေကို ကြည့်ရှုကြဖို့ တပ်မိသားစုအသိုင်းအဝိုင်းကို ဖိအားပေးကြတာကို တွေ့နိုင်ပါတယ်။ အခြေအနေတွေ တင်းမာလာတာနဲ့အမျှ စစ်တပ်ထောက်ခံသူတွေရော၊ ဆန့်ကျင်သူတွေကပါ တယ်လီဂရမ်မှာ များပြားလှတဲ့ ချန်နယ်တွေ၊ ဂရုတွေ ဖွဲ့ခဲ့ကြပါတယ်။

တချို့တွေဟာ တယ်လီဂရမ်မှာ ဂရုတွေ၊ ချန်နယ်တွေ ဖွဲ့ကြပြီး အခြားလူတွေ အဖမ်းခံ၊ အတိုက်ခိုက်ခံရစေဖို့ရည်ရွယ်ပြီး အခြားလူတွေရဲ့ ကိုယ်ရေးကိုယ်တာ အချက်အလက်တွေကို တယ်လီဂရမ်မှာ တင်ကြပါတယ်။ စစ်တပ်ကို ဆန့်ကျင်တဲ့ ပြည်သူတွေက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကို ထောက်ပံ့မှုပြုလုပ်တာတွေ၊ အမျိုးသားညီညွှတ်ရေးအစိုးရကို ထောက်ပံ့တာတွေ အွန်လိုင်းမှာ ဂုဏ်ယူစွာတင်ကြလေ့ရှိပါတယ်။ ဒါကို စစ်တပ်ထောက်ခံသူတချို့က စခရင်ရှော့တွေရိုက်ပြီး သက်သေအထောက်အထားအဖြစ် ယူကြပါတယ်။ တော်လှန်ရေးမှာကျဆုံးတဲ့ ရဲဘော်တွေအတွက် ဝမ်းနည်းခြင်းအနေနဲ့ ဖေ့စ်ဘွတ်မှာ အနက်ရောင်ပရိုဖိုင်ပုံထားခြင်းကတောင် အဖမ်းခံရနိုင်ပါတယ်။ အွန်လိုင်းပေါ်က ဒီလိုပုံတွေကို မှတ်တမ်းယူပြီး စစ်တပ်ထောက်ခံသူတွေက တယ်လီဂရမ်မှာ တင်ကြတာပါ။ နာမည်ကြီး စစစ်တပ်ထောက်ခံ တယ်လီဂရမ်ချန်နယ်မှာ အချက်အလက်တွေ တင်ခံရတဲ့သူအများစုဟာ မကြာခင်မှာ စစ်တပ်ရဲ့ လာရောက်ဖမ်းဆီးခြင်းကို ခံရပါတယ်။

“အမြင်မတူတာနဲ့ လူအချင်းချင်းဖမ်းခံရအောင်လုပ်တာထိက ရက်စက်လွန်းတယ်။ အဲ့လို မလုပ်ပါနဲ့လို့လည်း တားလို့မရပြန်တာကြောင့် သတိထားပြီးနေပါ။ တပ်ထောက်ခံတယ်၊ ကြားနေပါဆိုသူတွေကို သတိထားပါ။ သူတို့က ဂိုဏ်းဖွဲ့ပြီးကို စောင့်ကြည့်သတင်းပို့နေကြတာ” လို့ စစ်တပ်လက်အောက်မှာ အလုပ်လုပ်နေတဲ့ အထက်တန်းရှေ့နေတစ်ဦးက သူ့အမြင်ကို ပြောပါတယ်။

“ဘယ်သူဖြစ်ဖြစ် မယုံပါနဲ့။ ပြည်တွင်းမှာ ရှိနေရသရွေ့ ဘာမှတော့ မရေးကြ၊ မတင်ကြပါနဲ့လို့ပဲ သတိပေးနိုင်တယ်” လို့ သူက အကြံပေးပါတယ်။

ဆိုရှယ်မီဒီယာ စောင့်ကြည့်ခံရရုံပဲ မဟုတ်ပါဘူး။ အွန်လိုင်းငွေချေမှုတွေနဲ့ ဘဏ်အကောင့်တွေကိုလည်း တချိန်လုံး စောင့်ကြည့်နေကြပါတယ်။ မြန်မာနိုင်ငံမှာ နာမည်ကြီးတဲ့ KBZ Pay လိုမျိုး ငွေလွှဲအကောင့်များစွာ အပိတ်ခံ၊ ဆိုင်းငံ့ခံရတာတွေ မကြာခဏဖြစ်ပေါ်နေပါတယ်။ ဒီလို‌အပိတ်ခံရတာတဲ့ အကောင့်တွေဟာ တော်လှန်ရေးတပ်ဖွဲ့တွေဆီကို ငွေလှူကြလို့ဖြစ်ပါတယ်။ စစ်တပ်က ဘဏ်စာရင်းဆိုင်ရာ အချက်အလက်တွေကိုလည်း ရယူသုံးစွဲနေပြီး တော်လှန်ရေးတပ်ဖွဲ့တစ်ခုခုကို အလှူငွေလွှဲတဲ့ ဘဏ်အကောင့်ပိုင်ရှင်ရဲ့ ဘဏ်စာရင်းဖွင့်စဉ်က ဖြည့်သွင်းထားတဲ့ လိပ်စာတွေကနေတဆင့် ခြေရာခံဖမ်းဆီးတာပါ။

“တပ်ထောက်ခံသူတွေက သံသယရှိလို့ သတင်းပို့တဲ့ Telegram channel မှာ ကိုယ့်နာမည်ပါတာ အသိတယောက်က လှမ်းပြောကတည်းက အိမ်နဲ့ဝေးရာကို ထွက်ပြေးလာခဲ့ရတာ။ အခုလောက်နဲ့တော့ အဖမ်းမခံနိုင်ဘူး။ တော်လှန်ရေးအတွက် လုပ်နိုင်သမျှ လုပ်ချင်သေးတယ်” လို့ လွတ်မြောက်နယ်မြေကို ရောက်ရှိနေတဲ့ မဟန်နီ (အမည်လွှဲ) က ပြောပါတယ်။

Photo by Adem AY on Unsplash

မြန်မာပြည်က ကိုယ်ရေးကိုယ်တာ ချိုးဖောက်ခံရမှုများ

ဒီကနေ့မြန်မာပြည်မှာ တယ်လီဂရမ်ပေါ်က ပြည်သူတွေရဲ့ ကိုယ်ရေးကိုယ်တာအချက်အလက် ပေါက်ကြားမှုတွေက တဟုန်ထိုး မြင့်မားလာပါတယ်။ နာမည်အကြီးဆုံးကတော့ စစ်တပ်ထောက်ခံတဲ့ ဟန်ငြိမ်းဦး တယ်လီဂရမ်ချန်နယ်ပါ။ ဟန်ငြိမ်းဦးဟာ ၂၀၁၇-၂၀၁၈ ဝန်းကျင်ကတည်းက မြန်မာပြည်ရဲ့ ရုပ်ရှင်မင်းသားမင်းသမီးတွေရဲ့ အတွင်းရေးအချက်လက်တွေကို ဖော်ပြ ငွေညစ်ရင်း နာမည်ကြီးလာတာပဲဖြစ်ပါတယ်။

“ညီမအရင်က ဟန်ငြိမ်းဦးကို သဘောကျသေးတယ်လေ သူတင်ထားတဲ့ Profile ကလည်းမိုက်တော့ ပြီးတော့ သူတင်တဲ့ မင်းသားမင်းသမီးသတင်းတွေကလည်းမှန်တာလည်းပါတာပေါ့။ နောက်မှသိရတာ အဲ့ Profile ကပုံကလည်း နိုင်ငံခြားမော်ဒယ်ပုံကြီးကို သူ့ပုံဆိုပြီးယူတင်ထားတာ။ အခုဆို စစ်တပ်ဘောမ မိုလို့ တော်တော် ရွံသွားပြီ” လို့ ဟန်ငြိမ်းဦးကို အားပေးခဲ့ဖူးတဲ့ သူတစ်ဦးက ပြောပါတယ်။

အာဏာသိမ်းထပြီးနောက်ပိုင်း ဟန်ငြိမ်းဦးရဲ့ စစ်တပ်သတင်းပေးအနေနဲ့ရော ဆန္ဒပြသူမိန်းကလေးတွေရဲ့ အဝတ်ဘလာနဲ့ပုံတွေ sex video နာမည်ဖြတ်ရန်နဲ့ ဒုက္ခရောက်ရန် ဖော်ထုတ်မှုတွေပြုလုပ်လာခဲ့ပါတယ်။ အဆိုပါ ဟန်ငြိမ်းဦးရဲ့ Telegram Channels ကြောင့် ဒုက္ခရောက်ရတဲ့ သူများစွာရှိနေတာကို တွေရှိခဲ့ရပါတယ်။

အဆိုပါသူများထဲမှ ရန်ကုန်မြို့ ဗဟန်းမြို့နယ်မှာနေထိုင်တဲ့ ကိုယ်ဝန်ဆောင်သည်တစ်ဦးလည်းပါရှိပါတယ်။ “ချွေးမက ကလေးတွေစစ်တပ် လေယာဉ်နဲ့ ကလေးတွေစာသင်ကျောင်းဗုံးကျဲတဲ့နေ့က Facebook Profile ကိုအမဲရောင်ပြောင်းလိုက်တာ အဲ့နေ့ညလည်းကျရော သူ့အိမ်ကို စစ်တပ်ကရောက်လာပြီးဖမ်းခေါ်သွားတာ။ သူ့ကို လာဖမ်းတာ Telegram Channels မှာတက်နေတဲ့ သူလို Profiles အမဲရောင်ချိန်းထားတဲ့သူအကုန်လိုက်ဖမ်းနေတာပေါ့။ ပြီးတော့ သူက သင်္ကြန်တုန်းက မင်းမော်ကွန်း Post အောက်မှာ comment ရေးထားလို့ရောဆိုပြီးပြန်ကိုမလွှတ်တော့ဘူး။ ကိုယ်ဝန်ကအခုဆိုရင် 6လကျော်နေပြီ။ အိမ်ကသားကတော့ တစ်ပတ်တစ်ခါ စားစရာသွားသွားပို့နေပေမဲ့ အရင်လတွေကမှ လူတွေ့လို့ရသေးတယ်။ အခုနောက်ပိုင်း PDF တွေက ထောင်အပေါက်စောင့်တွေကို ပစ်ပစ်သတ်သွားလို့ ဘယ်သူ့ကိုမှ လူမပေးတွေ့တော့တာ ပစ္စည်းပေးချင်ရင် ဂိတ်ကအစောင့်ကို မုန့်ဖိုးလေးပေးပြီးပေးခိုင်းရတာပေါ့” လို့ အဖမ်းခံရတဲ့ ကိုယ်ဝန်ဆောင်သည်အမျိုးသမီးရဲ့ ယောက္ခမဖြစ်သူက အခုလိုပဲပြောပြခဲ့ပါတယ်။

လူပေါင်း ၁၈၀ ကျော်သေဆုံးခဲ့တဲ့ စစ်တပ်‌ရဲ့ ပဇီကြီးလေကြောင်းတိုက်ခိုက်မှုအတွက် အနက်ရောက်ပရိုဖိုင်ချိန်းခဲ့တဲ့ သတင်းစာဆရာတစ်ဦး၊ အမျိုးသမီးသရုပ်ဆောင်တစ်ဦးနဲ့ အမျိုးသားသရုပ်ဆောင်နှစ်ဦး အဖမ်းဆီးခံခဲ့ရပါတယ်

ဟန်ငြိမ်းဦး ဘယ်သူလဲဆိုတာ ဘယ်သူမှ အတိအကျမသိကြပါဘူး။ လူအမျိုးမျိုးဆီက ဟန်ငြိမ်းဦး ဘယ်သူဖြစ်နိုင်တယ်ဆိုတဲ့ ထင်မြင်ယူဆချက်တွေပဲရှိပါတယ်။ ဥပမာ – နာမည်ကြီး နိုင်ငံရေးတက်ကြွလှုပ်ရှားသူ အိပန်ဆယ်လိုကဝောာ့ ဟန်ငြိမ်းဦးဘယ်သူဆိုတာ ဖေ့စ်ဘုတ်မှာတစ်ခါ တင်ဖူးပါတယ်

ဟန်ငြိမ်းဦးလိုမျိုး စစ်တပ်ထောက်ခံသူတွေ ဖွဲ့စည်းထားတဲ့ တယ်လီဂရမ်ချန်နယ်တွေဟာ အဖျက်ခံခဲ့ရရင်တောင်မှ အသစ်သော ချန်နယ်တွေက ချက်ချင်းပြန်‌ပေါ်လာတတ်ပါတယ်။ ဒီချန်နယ်တွေမှာ အစွန်းရောက် ဘာသာရေး၊ အမျိုးသားရေးဝါဒီတွေရဲ့ အထိမ်းအမှတ်နံပါတ်ဖြစ်တဲ့ 969 ကို ထည့်သွင်းဖော်ပြကြတာကိုလည်း မြင်တွေ့ရတတ်ပါတယ်။ ၂၀၁၃ ခုနှစ်လောက်ကစပြီး စစ်တပ်က ကိုးကွယ်တဲ့ ဗုဒ္ဓဘာသာဘုန်းကြီးတချို့ဟာ မွတ်စလင် ဆန့်ကျင်ရေးတွေ ခေတ်ထခဲ့ပါသေးတယ်။ နိုင်ငံခြားလွှမ်းမိုးမှုတွေကို ကာကွယ်ကြတာလို့လည်း ဆိုကြပါတယ်။

“စစ်ကောင်စီက သူတို့ရဲ့လူတွေအချင်းချင်း facebook နဲ့ Social Media တွေမှာ group, page, channels တွေ‌ထောင်ထားတဲ့ အစကတော့ ဒီတိုင်းအပျော် group, page, channels တွေနောက်ကျ သူတို့လိုချင်တဲ့ လူအရေတွက်ရတဲ့အခါ အဲ့ကနေ သတင်းအမှားတွေစလွှင့်တော့တာပဲ” လို့ ထိုင်းရောက် နိုင်ငံရေးအကျဉ်းသားဟောင်း တစ်ဦးက ပြောပါတယ်။

အမျိုးသမီးတွေကို ဦးတည်တဲ့ ပုဂ္ဂိုလ်ရေးတိုက်ခိုက်မှုတွေ

“Social Media အကောင့်တွေက ဘယ်လိုပဲနေနေမလုံခြုံဘူး အမှန်တိုင်းပြောရရင် အင်တာနက်ပေါ်မှု ဘာကမှမလုံခြုံဘူးလေ ကျွန်တော်တို့ လူတွေကို ကို့အကောင့်ကိုဘယ်လို လုံခြုံအောင် ဘာတွေလုပ် ညာတွေလုပ်ပါဆိုပြီးသာပြောနေရပေမဲ့ တကယ်တမ်းကတော့ အပြည့်ဝထိရောက်နေတာမျိုးတော့ မဟုတ်ဘူး။ ကျွန်တော် အကောင့်တွေဟတ်ခံရလို့အကူညီလာတောင်းလို့ လုပ်ပေးရပေမဲ့ ကျွန်တော် လည်း ဟတ်ထားတဲ့သူစီကနေ တဆင့်ကျွန်တော်အကောင့်အစစ်ကိုပြန်ယူတဲ့ ပုံစံနဲ့လုပ်ရတာပဲ။ အဲ့တော့ဗျာ ဟတ်တဲ့သူစီကနေပြန် ဟတ်တာလို့ပြောလို့ရတာပေါ့။” လို့ Social Media နဲ့ပတ်သတ်ပြီးကျွမ်းကျင်service လုပ်နေတဲ့ အသက် 28နှစ်အရွယ်ရန်ကုန်မြို့နေသူတစ်ဦးက ပြောကြားခဲ့ပါတယ်။

ချိုးဖောက်မှုတွေဆက်တိုက်ခံလာရတဲ့အထဲမှာ အဆိုးဆုံးအနေနဲ့ ကတော့ မိန်းကလေးတွေရဲ့ sex tapes တွေအဖြန့်ခံကြရတာမျိုးပဲဖြစ်ပါတယ်။ နိုင်ငံရေးမှာပါဝင်တဲ့ မိန်းကလေးတွေရဲ့ sex tape တွေဖောိပြခံကြရတာ တွေကနောက်ပိုင်းမှာ အဆိုပါအရာတွေက ပုံမှန်လိုဖြစ်ပေါ်လာခဲ့ပြီး sex tape တင်တဲ့ Telegram Channels တွေအများအပြားပေါ်ပေါက်လာခဲ့တာကိုတွေ့လာရပါတယ်။

အဆိုပါ sex tape တင်တဲ့ Channels တွေဟာ ဦးစွာပထမ မိန်းကလေးတွေရဲ့ sex tapeတွေကို Telegram Channels တွေမှာတင်ပြီး Facebook နဲ့ Tik Tok ကနေတဆင့်လူတွေစီဖြန့်ချီတာတွေလုပ်လာခဲ့ပါတယ်။ အဲ့လိုဖြန့်ချီပြီး Channels လူများလာတဲ့အခါ လောင်းကစားကြော်ညာတွေလက်ခံလာပြီးစီးပွားရေးလုပ်လာတာကိုတွေ့ရပါတယ်။

ပိုမိုဆိုးရွားလာတာက 2021နောက်ပိုင်းမှာ ChatGPD အရှိန်ကြောင့် AI တွေရဲ့ စိတ်ဝင်စားမှုတရှိန်ထိုးမြင့်တက်လာတာနဲ့အမျှ Ai တွေကို အသုံးချပြီး အမြတ်ထုတ်တာတွေကလည်း ရှိလာပါတယ်။

“ညီမပုံကို Ai နဲ့ပြင်ထားပြီးတော့ Telegram Channels မှာပြန်တင်ပြီးဖြန့်နေတာ ညီမကောင်လေးရဲ့ သူငယ်ချင်းတွေက ညီမကောင်လေးကို လာပြန်ပြောမှ ညီမ သိရတာ။ စစသိချင်းတုန်းကဆို အရမ််းဝမ်းနည်းပြီး ငိုတာတစ်ညလုံး ကိုယ်မဟုတ်ပဲ နဲ့နာမည်ပျက်နေတာပြီးတော့ Facebook Messenger မှာလဲတစ်ယောက်ပြီးတစ်ယောက်လာလာပြီးတော့ အဲ့တာတွေနဲ့ပတ်သတ်ပြီးလာလာမေးလို့ စဖြစ်တုန်းကဆို Facebook တောင် 1လလောက်မသုံးပဲနေလိုက်ရတယ်” လို့ telegram Channels မှာ AI နဲ့ပြင်ထားတဲ့ Nude အဖြန့်ခံရတဲ့ အသက် 19နှစ်အရွယ် ရန်ကုန်မြို့ ဗဟန်းမှာနေထိုင်တဲ့ မိန်းကလေးတစ်ယောက်က ပြောပါတယ်။

AI နဲ့ပတ်သတ်ပြီး အင်တာနက်ပေါ်မှာ လူ့အခွင့်ရေးခြိမ်းခြောက်ခံရမှုတွေဟာ တစ်နေ့ထက်တစ်နေ့ပိုပိုများပြားလာပါတယ်။ ကုလသမဂ္ဂအနေနဲ့‌လည်း စစ်ကောင်စီရဲ့ အကြမ်းဖက်လှုပ်ရှားမှုတွေကို အင်တာနက်ပေါ်မှာ ခွင့်ပြုမထားကြဖို့ ဆိုရှယ်မီဒီယာကုမ္ပဏီ‌တွေကို တောင်းဆိုခဲ့ပါတယ်။

စစ်အစိုးရ၏ အွန်လိုင်းအကြမ်းဖက်လှုပ်ရှားမှုကို ဆန့်ကျင်ကြောင်း ကုလသမဂ္ဂ၏ ကြေညာချက်

“စစ်အစိုးရ ထောက်ခံချန်နယ်များက တယ်လီဂရမ်ရဲ့ ပေါ့လျော့တဲ့ အကြောင်းအရာ စိစစ်ရေး စည်းမျဉ်းများကို အခွင့်ကောင်းယူပြီး မိန်းကလေးတွေရဲ့ ကိုယ်ရေးကိုယ်တာအကြောင်းအရာတွေကို ခွင့်ပြုထားတယ်” လို့ ကုလသမဂ္ဂက တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

လက်ရှိမြန်မာနိုင်ငံရဲ့ နိုင်ငံရေးအခြေနေများကတော့ မြေပြင်မှာတင်မဟုတ်ပဲ အင်တာနက်ပေါ်မှာပါတိုက်စစ်ဆင်နေရသလိုြဖစ်နေကြပါတယ်။ တော်လှန်ရေးမှာပါဝင်တဲ့သူတွေအနေနဲ့ကလည်း မိမိတို့ရဲ့ လုံခြုံရေးကို ပြင်ပမှာတင်မကပဲ Social Media တွေပေါ်မှာပါ အသေးစိတ်လိုက်လံဂရုစိုက်နေကြရပါတယ်။

“ဖုန်းတွေကို သွားရလာရဖို့ရှိပြီဆိုရင် အကုန်ဖြတ်ထားရတယ်။ အဲ့ကောင်တွေဖုန်းစစ်တဲ့အချိန်တစ်ခုခုတွေပြီးသေပြီလေ။ သူတို့က ဖုန်းကို စစ်တာနဲ့တန်းပြီး Facebook တို့ Messenger တီု့ကိုအရင်စစ်တာ ကျန်တာကနောက်မှ အဲ့မှာသာ နိုင်ငံရေးနဲ့ဆိုင်တဲ့ အကြောင်းရာတစ်ခုခုတင်ထားပြီးဆိုရင်ဖမ်းခေါ် ပြီ။ ဘယ်လိုကာကွယ်နေရတယ်ဆိုတာ အသေးစိတ်တော့ပြောပြလို့ မရပေမဲ့ အပြင်သွားရင်တော့ ဖုန်းထဲကဟာတွေကို တတ်နိုင်သလောက်ရှင်းထားမှ အဆင်ပြေမယ်။”လို PDF တွေကို ငွေကြေးထောက်ပို့လုပ်ပေးနေတဲ့သူတစ်ဦးကအခုလိုပေးပြောကြားပေးခဲ့ပါတယ်။

မိုဘိုင်းလ်ဖုန်းများတွင် အသုံးပြုနေသည့်ဒေတာအချက်အလက်များကို သက်ဆိုင်ရာ အာဏာရှိသူများက ရယူနေသည်ဟု ကိုယ်တွေ့ကြုံနိုင်သူများ၏ ပြောဆိုချက်များအရ သိရသည်။

“ဖုန်းအော်ပရေတာက ကိုယ့်ဖုန်းမှာ ဘယ်လောက်ဘေလ်ထည့်ထားတယ်၊ ဘာတွေသုံးနေတယ်ကို ပြောပြတယ်။ ကိုယ်က လိုင်းသိပ်မရဘူးပဲပြောမိတာ။ သူတို့က အကုန်သိနေကြတော့ အံ့ဩမိတယ်။ ကိုယ့်ရဲ့ Privacy တွေကိုရော မသိနေဘူးလို့ ဘယ်သူပြောနိုင်မလဲ” ဟု တပ်ဘက်အသိုင်းအဝိုင်းပိုင် Mytel ဖုန်းအသုံးပြုနေသူတစ်ဦးကပြောပြသည်။

လက်ရှိအချိန်မှာ နိုင်ငံရေးနဲ့ပတ်သတ်ပြီး နှစ်ဖက်လုံးမှ Social Media တွေကိုလက်နက်သဖွယ်အသုံးပြုနေကြတာဖြစ်ပြီး အဲ့အရာတွေကို ထိန်းချုပ်စီမံပေးနိုင်တဲ့ အခြေနေတွေမရှိသေးပါဘူး။ အခုလို ဖရိုဖရဲ အခြေနေများကြားက ထိခိုက်ခံရသူများကတော့ ပိုမိုများသထက်များလာခဲ့ပြီး တော်လှန်ရေးမှာပါဝင်သူရော မပါဝင်သူအကုန် မိမိတို့ရဲ့ ကိုရေးအချက်လက်တွေဟာ Telegram Channels မှာထွက်ပေါ်နေမှာ ကြောက်ရွံ့နေကြပြီး ဒါတွေကို တာဝန်ယူဖြေရှင်းပေးနိုင်မဲ့သူကိုလည်းမျှော်လင့်နေကြောင်းသိရှိရပါတယ်။