This post is also available in: English

ယခုဆောင်းပါးကို မြန်မာသတင်းထောက်များ၊ ဓာတ်ပုံဆရာများ၊ ရုပ်ရှင်ဒါရိုက်တာများနှင့် အနုပညာရှင်များ ပေါင်းစည်းကာ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုနှင့် ပတ်သက်သော ဖန်တီးထုတ်လုပ်မှုများ ပြုလုပ်တင်ဆက်ရာတစ်ခုဖြစ်သော Visual Rebellion မှ Nicha Wachpanich က ရေးသားတင်ဆက်ထားပါသည်။
နိုင်ငံရေးမတည်ငြိမ်မှုတွေနဲ့ ကာလရှည်ကြာ လုံးပန်းလာခဲ့ရသည့် နိုင်ငံတစ်ခုဖြစ်သော မြန်မာနိုင်ငံတွင် အင်တာနက်နှင့် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုမှုဟု ဆိုလိုက်ပါက ဖေ့စ်ဘွတ်ခ်ကို ပြေးမြင်နိုင်သည်။ နှစ်ပေါင်း ၂၀ ကျော်ကြာပြီးနောက်မှ ပထမဦးဆုံးအကြိမ် ကျင်းပခဲ့သော ၂၀၁၀ ခုနှစ် အထွေထွေရွေးကောက်ပွဲ ပြုလုပ်ပြီး ကာလများတွင် မိုဘိုင်းအင်တာနက်နှင့် လူမှုကွန်ယက်မီဒီယာ ပလက်ဖောင်း အသုံးပြုမှုနှင့် အစိမ်းသက်သက်ဖြစ်နေသော မြန်မာပြည်သူများအတွက် ဖေ့စ်ဘွတ်ခ်သည် အများပြည်သူ နိုင်ငံရေးတွင် ပါဝင်ရန် အဓိက အများသုံးနေရာအဖြစ် ပိုမိုခိုင်မာလာခဲ့သည်။ ၂၀၂၃ ခုနှစ် မေလအထိ မြန်မာနိုင်ငံတွင် ဖေ့စ်ဘွတ်ခ် အသုံးပြုသူ ၁၉ သန်းကျော် ရှိနေပြီး ထိုအရေအတွက်မှာ မြန်မာနိုင်ငံရဲ့ လူဦးရေ သုံးပုံတစ်ပုံခန့် ရှိသည်။ အသုံးပြုသူ အများအပြားမှာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ မြန်မာစစ်တပ်၏ အာဏာသိမ်းမှုနောက်ပိုင်းတွင်လည်း ထိုအာဏာသိမ်းမှုအား ဆန့်ကျင်သော လှုပ်ရှားမှုများကို အားပေးထောက်ခံရန်အတွက် ထိုပလက်ဖောင်းကို ဆက်လက် အသုံးပြုခဲ့ကြသည်။ ထိုကဲ့သို့သော လှုပ်ရှားသက်ဝင်နေသည့် ကမ်ပိန်းများနှင့် အာဏာသိမ်းမှုကို ဆန့်ကျင်သော အခြားပို့စ်များကြားမှာတွင်ပင် ဒီမိုကရေစီထောက်ခံသော အင်တာနက်အသုံးပြုပြည်သူများမှာ “တော်လှန်ရေးအကြောင်း လိုင်းပေါ်မှာ တင်သင့်သလောက် တင်နေရဲ့လား၊ မတင်မိရင်ရော စစ်တပ်ထောက်ခံ ထောက်ခံသူလို့ အထင်ခံရမှာလား၊ သွေးအေးသွားပြီလို့ ထင်ကြမှာလား” ဟု မိမိကိုယ်ကို ပြန်မေးရင်း အခြားစိုးရိမ်ပူပန်မှု ပုံစံတစ်မျိုးနှင့် ရင်ဆိုင်နေကြရသည်။
၁.၃ သန်းကျော်သော မြန်မာပြည်သူများသည် ဒုက္ခသည်များနှင့် နိုင်ငံရေးခိုလှုံသူများ ဖြစ်လာကြပြီဖြစ်ကာ သတင်းပုံမှန်ရရှိရန်နှင့် စိတ်ထိခိုက်ဖွယ် လေကြောင်းတိုက်ခိုက်မှုများအတွက် ဝမ်းနည်းမှုကို ဖော်ပြသော ပရိုဖိုင်ဓာတ်ပုံများ ပြောင်းခြင်း၊ ကမ်ပိန်းများ မျှဝေခြင်းနှင့် စစ်တပ်ထောက်ခံသူဟု ယူဆရသော အခြားမြန်မာအင်တာနက်အသုံးပြုပြည်သူများအား ဝေဖန်ရှုံ့ချခြင်းတို့ ပြုလုပ်ကာ နိုင်ငံရေးတွင် ပါဝင်ရန် လူမှုကွန်ယက်မီဒီယာနှင့် အခြားဒီဂျစ်တယ်ရပ်ဝန်းများသည်သာ ၎င်းတို့အတွက် တစ်ခုတည်းသော နည်းလမ်း ဖြစ်လာခဲ့ရသည်။
အမေရိကန်ပြည်ထောင်စု အခြေစိုက် ဗမာလူမျိုး မနုဿဗေဒသုတေသီ ခြူးမေပိုင်သည် မြန်မာနိုင်ငံတွင် ပေါ်ပေါက်လာသော ဤလူမှုကွန်ယက်မီဒီယာ တက်ကြွလှုပ်ရှားမှု လှိုင်းသစ်ကို ၂၀၂၁ ခုနှစ်မှ စ၍ လေ့လာလျက်ရှိသည်။
၎င်း၏ သုတေသနသည် မြန်မာအင်တာနက်အသုံးပြုပြည်သူများ၏ လူမှုကွန်ယက်မီဒီယာ အသုံးပြုပုံဖြစ်ကာ မြန်မာနိုင်ငံရှိ အဓိကလူမှုဖြစ်ရပ်အချို့နှင့် ပတ်သက်၍ လူအများမှ မိမိတို့၏ တုန့်ပြန်မှုများနှင့် စိတ်ခံစားချက်များအား မျှဝေဖို့အတွက် လူမှုကွန်ယက်မီဒီယာ ပို့စ်များ၊ မတ်ဆေ့ချ်များနှင့် ရုပ်ပုံများတွင် ဘာသာစကား ရွေးချယ်အသုံးပြုပုံအား အဓိကထား လေ့လာလျက်ရှိသည်။ လူမှုကွန်ယက်မီဒီယာပေါ်မှ လူအများ၏ အပြန်အလှန် ဆက်ဆံပုံသည် ဆက်သွယ်မှုကိရိယာတစ်ခုထက် ပိုနေလျက်ရှိပြီး နိုင်ငံရေးအတွက်သာမက ဖေ့စ်ဘွတ်ခ်တွင် တိုက်ရိုက်လိုက်ဖ်လွှင့်ကာ အဝတ်အထည် ရောင်းဝယ်ခြင်းမှအစ အခြား တွင်ကျယ်စွာ အသုံးပြုလျက်ရှိသော အွန်လိုင်း အစည်းအဝေးလုပ်နိုင်သည့် ပလက်ဖောင်းများတွင် အွန်လိုင်းဆန္ဒပြပွဲများအား တက်ရောက်ခြင်း ကဲ့သို့သော နေ့စဉ်လုပ်ငန်းဆောင်တာများ လုပ်ဆောင်သည်အထိ လူမှုကွန်ယက်မီဒီယာ ကိုယ်၌ကိုက မြန်မာလူမျိုးများ၏ နေထိုင်မှုဘဝပုံစံအသွင် ဖြစ်လာပြီဟု ၎င်းမှ ထောက်ပြထားသည်။

၂၀၂၃ ခုနှစ် မတ်လပိုင်းတွင် ဒီဂျစ်တယ်လုံခြုံမှုနှင့် လုံခြုံရေးအန္တရာယ်များ ရှိနေသည့် ကြားထဲကပင် ဤဖြစ်စဉ်နှင့် ပတ်သက်သော လှုံ့ဆော်မှုများနှင့် အရေးပါမှုတို့ကို ပိုမိုသိရှိနားလည်နိုင်ရန်အတွက် Visual Rebellion မှ ခြူးမေပိုင်အား ဆက်သွယ်မေးမြန်းခဲ့သည်။ အောက်ပါ မေးမြန်းချက်အား တိုတုတ်တိကျစေရန် အနည်းငယ် တည်းဖြတ်ထားပါသည်။
Visual Rebellion (VR) – ဘာအကြောင်း သုတေသနလုပ်ထားတာ ဖြစ်ပါသလဲ။
ခြူးမေပိုင် – လတ်တလော အာဏာသိမ်းမှု အပြီး မြန်မာနိုင်ငံမှ ထွက်လာခဲ့ကြတဲ့ ရွှေ့ပြောင်းမြန်မာ အသိုင်းအဝိုင်းများ အကြား လူမှုကွန်ယက်မှ တက်ကြွလှုပ်ရှားမှုကို စောင့်ကြည့်လေ့လာနေပါတယ်။ မနုဿဗေဒသုတေသီ တစ်ယောက်အနေနဲ့ လူတွေ လူမှုကွန်ယက်မီဒီယာကို ဘယ်လို အသုံးပြုနေကြသလဲ ဒါမှမဟုတ် ဒီပလက်ဖောင်းတွေကို လက်လှမ်းမီတဲ့ နိုင်ငံရဲ့ လူဦးရေ ရာခိုင်နှုန်း ဘယ်လောက် ရှိလဲ ဆိုတာတွေကို လေ့လာနေတာ မဟုတ်ပါဘူး။ ကျမ စိတ်ဝင်စားတာက ပြည်မက နိုင်ငံရေးနဲ့ ဆက်လက်ထိတွေ့နေဖို့အတွက် လူမှုကွန်ယက်မီဒီယာ ပလက်ဖောင်းတွေကို လူတွေ ဘယ်လို အသုံးပြုနေကြလဲ ဆိုတာပါ။
ကျမက ရန်ကုန်မြို့မှာပဲ မွေးပြီး ကြီးလာတာပါ။ ၂၀၁၂ ခုနှစ်ကျမှ အမေရိကန်ပြည်ထောင်စုကို ပြောင်းရွှေ့နေထိုင်ခဲ့တာပါ။ ကျမသည်လည်း ရွှေ့ပြောင်းမြန်မာ အသိုင်းအဝိုင်းထဲမှာ ပါတဲ့အတွက် ဒီလို ဒီဂျစ်တယ် ရပ်ဝန်းတွေမှာ ပါဝင်လျက် ရှိတဲ့အခါကျတော့ ကျမရဲ့ သုတသေနနည်းလမ်းက မနုဿဗေဒသုတေသီတွေ အက်သနိုဂရပ်ဖီလို့ ခေါ်ကြတဲ့ တွေ့ဆုံမေးမြန်းမှုတွေ၊ ပါဝင်သူတွေရဲ့ အမြင်တွေ နောက်ပြီး ဒီဒီဂျစ်တယ် ရပ်ဝန်းတွေမှာ ကျမကိုယ်တိုင် ရှိနေတဲ့ နေရာနဲ့ ပါဝင်လှုပ်ရှားမှုတွေကနေ ရရှိတဲ့ ဖော်ပြချက်တွေကနေတစ်ဆင့် အချက်အလက် စုဆောင်းတာမျိုးပါ။
VR: – လူမှုကွန်ယက်မီဒီယာက မြန်မာ့နိုင်ငံရေးမှာ ဘာလို့ ဒီလို အရေးပါတဲ့ အခန်းကဏ္ဍမှာ ရှိနေတာ ဖြစ်ပါသလဲ။
ခြူးမေပိုင် – မြန်မာနိုင်ငံ လစ်ဘရယ်စနစ် ကူးပြောင်းပြီးကာလ ဒေါ်အောင်ဆန်းစုကြည်နှင့် [အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်] အစိုးရ တာဝန်ထမ်းဆောင်နေစဉ်မှာ အင်တာနက်ကို အများပြည်သူတွေ ပိုမို လွယ်ကူစွာ ထိတွေ့လာနိုင်ခဲ့ပါတယ်။ ဒါကြောင့် မြန်မာ့နိုင်ငံရေးသမိုင်းကို ပြန်ပြောင်းကြည့်မယ်ဆိုရင် ကျမအမြင် ဆွေးနွေးမှုတွေဟာ ဘယ်သူ့မှာ အာဏာ ပိုအရှိသင့်ဆုံးလဲ ဆိုတဲ့ အကြောင်းတွေပဲ အမြဲ ဖြစ်နေခဲ့ပါတယ်။ သူတို့မှာ အာဏာရှိနေပြီး သူတို့ဘာသာ ဘယ်လိုနာမည်တွေပဲ ပေးထားပါစေ တကယ်တမ်း အာဏာရှိနေပါတယ်ဆိုတာကို အလုပ် တစ်ခုခုနဲ့ သက်သေပြဖို့ လိုနေခဲ့ပါတယ်။
ဒီလက္ခဏာရပ်ဟာ မြန်မာနိုင်ငံ တစ်နိုင်ငံတည်းမှာပဲ တွေ့နိုင်တာ မဟုတ်သလို အရှေ့တောင်အာရှ ယဉ်ကျေးမှုတွေမှာ အာဏာ ဘယ်လို လည်ပတ်လုပ်ဆောင်လဲဆိုတာကို ကိုယ်စားပြုနေပါတယ်။ ဘော်လီဘော ကစားပွဲတစ်ခုကို မြင်ယောင်ကြည့်ပါ။ အာဏာဆိုတဲ့ ဘောလုံး ကိုယ့်လက်ထဲမှာ ရှိနေပြီး ဘယ်သူမဆို လက်ထဲက ဘော်လီဘောကို ယူနိုင်မယ်။ ပြီးရင် ဘော်လီဘော လက်ထဲ ရှိသူ ဘယ်သူမဆို အာဏာရမယ် မဟုတ်လား။ ဒီတော့ ဒီကစားကွင်းထဲမှာ အမြဲ ဘောလုံးကို ဒီလူဆီကနေ ဘယ်လို လုယူမလဲဆိုသလို ဖြစ်နေတာပေါ့။
လူမှုကွန်ယက်မီဒီယာ မရှိခင်ကဆိုရင် ဒါဟာ တကယ့် ကိုယ့်နေရာပါလို့ သက်သေပြချင်သူတွေက ကိုယ့်ပရိသတ်ကို ကိုယ်ရထားတဲ့ ဒီအာဏာဆိုတဲ့ ဘော်လီဘောနဲ့ ထိုက်တန်ကြောင်း ပြဖို့ ဗေဒင်တွေ၊ သဘာဝလွန် ပြောဆိုချက် ဓာတ်တွေ၊ နတ်တွေကို အသုံးပြုကောင်း ပြုကြပါလိမ့်မယ်။ အခုလက်ရှိကာလမှာတော့ လူမှုကွန်ယက်မီဒီယာကို ချုပ်ကိုင်နိုင်စွမ်းက အာဏာဘောလုံးကို ချုပ်ကိုင်တာနဲ့ အတူတူပါပဲ။ လူမှုကွန်ယက်မီဒီယာက သဘာဝလွန် မီဒီယာတွေနဲ့ မတူဘဲ နှစ်ဘက်စလုံးအတွက် တန်းတူ ကစားကွင်းတစ်ခုကို ပေးဆောင်နေပုံ ရပါတယ်။
ဒီဂျစ်တယ် ရပ်ဝန်းတွေဟာ စစ်တပ်အတွက်လည်း သူတို့ ဘာကြောင့် အုပ်ချုပ်သင့်သလဲဆိုတာကို ဆင်ခြေပြဖို့ ဇာတ်ခုံတစ်ခု ဖြစ်လာခဲ့ပါတယ်။ တစ်ချိန်တည်းမှာပဲ ပြည်သူတွေကလည်း လှောင်ပြောင်သရော်နိုင်ဖို့နဲ့ စစ်တပ်ဆန့်ကျင်တဲ့ ခံယူချက်တွေကို ပြသဖို့ နေရာတစ်ခုလို လူမှုကွန်ယက်မီဒီယာကို သဘောထားလာကြပါတယ်။ ဒါက ပြည်သူတွေကို နိုင်ငံရေးဇာတ်ခုံမှာ တစ်နေရာရသူတွေ ဖြစ်လာစေပြီး သူတို့ရဲ့ မိတ်ဆွေ အသိုင်းအဝိုင်းလေးထဲမှာပဲဖြစ်ဖြစ် ကိုယ့်ထင်မြင်ချက်တွေ ဖော်ပြလာနိုင်စေပါတယ်။ အရင်ကဆိုရင် ဒီလို စကားတွေကို လက်ဖက်ရည်ဆိုင်တွေမှာသာ ပြောလေ့ရှိခဲ့ကြတာပါ။
ဒီတော့ ကျမပရော့ဂျက်ရဲ့ အဓိက မေးခွန်းက အာဏာကို ယဉ်ကျေးမှုစံနှုန်းအရ သဘောပေါက်နားလည်ရာမှာ ဒီနည်းပညာပုံစံ အသစ်ကို ဘယ်လို နားလည်ဖွင့်ဆိုနိုင်မလဲဆိုတာပါ။ လူမှုကွန်ယက်မီဒီယာကို တခြား လူမှုရေးနဲ့ ယဉ်ကျေးမှု စံနှုန်းတွေကနေ သီးသန့်ခွဲထုတ်လို့မရပေမဲ့ သူတို့အားလုံးဟာ လူမှုအသိုင်းအဝိုင်းနဲ့ အတွင်းကျကျ ဆက်ယှက်နေပါတယ်။

VR – မြန်မာ့ လူမှုကွန်ယက်မီဒီယာ တက်ကြွလှုပ်ရှားမှုနဲ့ ပတ်သက်ပြီး ဘယ်လို စိတ်ဝင်စားစရာတွေ တွေ့မိပါသလဲ။
ခြူးမေပိုင် – ကျမ အဓိကလေ့လာတာက လူမှုကွန်ယက်မီဒီယာပေါ်က စစ်တပ်ဆန့်ကျင်တဲ့ လှုပ်ရှားမှုနဲ့ ပတ်သက်တဲ့ အပြန်အလှန်ဆက်ဆံမှုတွေပါ။ လူတွေဟာ ဒီဒီဂျစ်တယ် ရပ်ဝန်းတွေပေါ်က ကန့်သတ်ချက်တွေကို ပါးပါးနပ်နပ် အသုံးပြုကြတယ်။ ရိုဟင်ဂျာလူမျိုးတွေနဲ့ ပတ်သက်တဲ့ အမုန်းစကား ဥပမာဖြစ်ရပ် အမြောက်အမြားကြောင့် ၂၀၁၈ ခုနှစ်မှာ ဖေ့စ်ဘွတ်ခ်က လူမှုစည်းမျဉ်းတွေကို ထုတ်ပြန်ခဲ့ပါတယ်။ ဒါပေမဲ့ အမုန်းစကားကို သတ်မှတ်ရှာဖွေတာဟာ ယဉ်ကျေးမှုနဲ့ ဆိုင်တဲ့အတွက် အလိုအလျောက်စက်တွေက လူတွေ ပါးနပ်စွာ ကစားထားတဲ့ စကားလုံးတွေကို အမီလိုက်ဖို့ အခက်ကြုံလာရပါတယ်။
ဥပမာ ဖေ့စ်ဘွတ်ခ်က “အသတ်ခံရ”ဆိုတဲ့ စကားလုံး ပါတဲ့ အကောင့်တွေ၊ ပို့စ်တွေကို ထိန်းချုပ်ဖို့ ကြိုးစားခဲ့ပါတယ်။ အဲဒီ့အခါ လူတွေက သေဆုံးမှုတွေအကြောင်း ပို့စ်တင်တဲ့အခါ အသံထွက်ဆင်တူပေမဲ့ စက်နဲ့ သတ်မှတ်ရှာဖွေဖို့ ခက်တဲ့ အင်္ဂလိပ်စာလုံး အthetခံရ လိုမျိုး သုံးပြီး ပို့စ်တင် ရေးသားကြပါတယ်။
ဖေ့စ်ဘွတ်ခ် မြန်မာလူမျိုး အသုံးပြုသူတွေအတွက်တော့ အိမ်ကွင်းပါ။ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလက အချက်အလက်အရဆိုရင် မြန်မာနိုင်ငံက ဖေ့စ်ဘွတ်ခ် အသုံးပြုသူပေါင်း ၂၀,၇၉၀,၀၀၀ ရှိနေပြီး လူဦးရေရဲ့ ၃၆.၈ ရာခိုင်နှုန်း ရှိနေပါတယ်။ တွစ်တာလိုမျိုး အခြားပလက်ဖောင်း အသုံးပြုသူတွေလည်း ရှိနေပါတယ်။ အာဏာသိမ်းမှု ဖြစ်ပြီးပြီးချင်းမှာ လူမှုကွန်ယက်မီဒီယာ အသုံးပြုသူ အတော်များများဟာ မြန်မာနိုင်ငံမှာ ဘာတွေ ဖြစ်နေလဲဆိုတာကို နိုင်ငံတကာ ပရိသတ်တွေနဲ့ ဆက်သွယ်ပြောဆိုဖို့ တွစ်တာကို အလျင်စလို ပြောင်းသွားကြပါတယ်။ ဒါပေမဲ့ ၂နှစ်ကြာအပြီးနောက်မှာ အခြေအနေ တိုးတက်လာတာမျိုး မရှိတဲ့အတွက် ဖေ့စ်ဘွတ်ခ်နဲ့ ယှဉ်ရင် တွစ်တာမှာ လူတွေ သိပ်ပြီး မလှုပ်ရှားကြတော့ပါဘူး။
VR – လူမှုကွန်ယက်မီဒီယာတက်ကြွလှုပ်ရှားမှုမှာ ဘယ်လို အန္တရာယ်တွေ စိန်ခေါ်မှုမျိုးတွေ ရှိနေပါသလဲ။
ခြူးမေပိုင် –ဖေ့စ်ဘွတ်ခ်ပေါ်မှာ စစ်တပ်ဆန့်ကျင်တဲ့ အမြင်တွေ ပို့စ်တင်ပြီးနောက် အသုံးပြုသူ အမြောက်အများ အဖမ်းခံကြရပါတယ်။ စစ်တပ်ထောက်ခံတဲ့ တယ်လီဂရမ်ချန်နယ်တွေဟာ အဲဒီ့ပို့စ်တွေရဲ့ စခရင်ရှော့တွေကို ဖြန့်ဝေပြီး ပို့စ်ပိုင်ရှင်တွေအကြောင်းနဲ့ သူတို့ရဲ့ ကိုယ်ရေးအချက်အလက်တွေကို ဖြန့်ချိရေးသားကြပါတယ်။ ပရိုဖိုင် ဓာတ်ပုံကို အနက်ရောင် [လေကြောင်းတိုက်ခိုက်မှုတွေကြောင့် နစ်နာသူတွေအတွက် ကြေကွဲလွမ်းဆွတ်မှု ပြသတဲ့ အနေနဲ့] ပြောင်းရုံနဲ့တင်တောင် လူတွေ တကယ် အဖမ်းခံခဲ့ရပါတယ်။ ဒီတော့ ဒီပို့စ်တွေဟာ အပြင်က တကယ့် နိုင်ငံရေး ဇာတ်ခုံမှာ ရုပ်လုံးပေါ်လာကြတယ်လို ဆိုနိုင်ပါတယ်။
လူမှုကွန်ယက်မီဒီယာပေါ်မှာ စစ်တပ်ဆန့်ကျင်တဲ့ ခံယူရပ်တည်ချက်တွေကို ပြသတာဟာ အန္တရာယ် အရမ်းများလာသလောက် ပို့စ်တင်ဖို့ကိုလည်း အာသီသ ပြင်းပြနေကြပါတယ်။ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ တက်ကြွလှုပ်ရှားသူတွေဟာ ပျော်ပျော်ကြီး တစ်စုတစ်စည်းတည်း ရှိနေတယ်လို့ လူတွေက ထင်တတ်ကြပေမဲ့လည်း အချင်းချင်းကြားမှာ တင်းမာမှုတွေ ရှိနေကြပါတယ်။
တချို့ တက်ကြွလှုပ်ရှားသူတွေက လမ်းမပေါ် တကယ် မထွက်ကြတော့တဲ့အတွက် လူမှုကွန်ယက်မီဒီယာပေါ်က တက်ကြွလှုပ်ရှားမှုတွေဟာ တကယ့် တက်ကြွလှုပ်ရှားမှု အစစ်တစ်ခု မဟုတ်ဘူးလို့ ဆိုကြပါတယ်။ အရင်က မြန်မာမှာ လမ်းမပေါ် ဆန္ဒထွက်ပြတာတွေ အများကြီး ရှိခဲ့ဖူးပါတယ်။ ဒါပေမဲ့ မြို့ပြတွေကို စစ်တပ်က အခု အကုန် ထိန်းချုပ်ထားပြီဆိုတော့ လူတွေ လမ်းပေါ် ဆန္ဒ ထွက်မပြကြတော့ပါဘူး။ အဲဒီ့အစား တချို့က နယ်စပ်မှာရှိတဲ့ လက်နက်ကိုင် တော်လှန်ရေး လှုပ်ရှားမှုတွေထဲ ဝင်သွားကြပါပြီ။ ဒါဆို လက်နက်မကိုင်ဘူးဆိုရင် တကယ် တော်လှန်တာ မဟုတ်တော့ဘူးလား၊ ဓာတ်ပုံရိုက်ပြီး လူမှုကွန်ယက်မီဒီယာပေါ် မတင်ဘူးဆိုရင် တောထဲ တကယ်သွားတာရော ဟုတ်ရဲ့လား။
အစပိုင်းမှာတော့ လူတွေက ဒီဂျစ်တယ်ခြေရာတွေ ကျန်ခဲ့မယ့်အပေါ်ကို ပိုပြီး အလေးထားခဲ့ကြပါတယ်။ ဒါပေမဲ့ လပေါင်းများစွာ ကြာတဲ့နောက်မှာ ဒီလို လူမှုအဓိပ္ပာယ်ဖွင့်ဆိုချက်တွေဟာလည်း ဆင့်ကဲပြောင်းလဲလာပါတယ်။ အခုဆိုရင် ဖေ့ဘွတ်ခ် ပရိုဖိုင် ဓာတ်ပုံကို သူများတွေ မမြင်ရအောင် လော့ခ်ချထားတာ တွေ့တာနဲ့ အဲဒါ ကိုယ့်ရပ်တည်ချက်ကို ပြရမှာ ကြောက်လို့လို့ တချို့လူတွေက ပြောနေကြပါတယ်။ တကယ် စစ်တပ်ဆန့်ကျင်တယ်ဆိုရင် အမြင်ခံရမှာ မကြောက်ဘူးလို့လည်း ပြောနေကြပါတယ်။
VR – ဒါဆို ပြည်ပရောက်နေသူတွေက သူတို့ရဲ့ စိုးရိမ်ပူပန်မှုတွေကို ဖော်ထုတ်ပြသဖို့နဲ့ တက်ကြွလှုပ်ရှားမှုတွေ လုပ်ဆောင်ဖို့အတွက် လူမှုကွန်ယက်မီဒီယာကိုပဲ နည်းလမ်းအဖြစ် အားထားနေရတာကြောင့်လား။
ခြူးမေပိုင် –အဲ့အတွက်ကြောင့်ပဲ ကျမလည်း ဒီ အရှက်ရမှုနဲ့ အပြစ်ရှိသလိုခံစားရမှုဆိုတဲ့ အတွေးအခေါ်တွေကို စိတ်ဝင်တစား လေ့လာနေတာပါ။ လူတယောက်ဟာ အရှက်ရသလိုနဲ့ အပြစ်ရှိသလိုတွေ အများကြီး ခံစားနေရပြီဆိုရင် သူများတွေကိုလည်း ပြန်ပြီး အရှက်ခွဲတဲ့ဆီ ရောက်သွားတတ်ပါတယ်။ အရှက်ခွဲတယ် ဆိုတာဟာလည်း ကျမအတွက်တော့ အရှေ့တောင်အာရှဆန်တဲ့ ခံစားချက်တစ်ခုလို့ မြင်ပါတယ်။ ဒီဘုံခံစားချက်ကြီးကို ကိုယ်ကြီးပြင်းလာတဲ့ မိသားစုထဲမှာပဲ မွေးယူလာကြတာပါ။ တစ်ယောက်တည်း ရှက်တယ်လို့ ခံစားရတာတင်မကပဲ ကိုယ်နဲ့ ဆက်စပ်နေတဲ့သူ အားလုံး အရှက်ရကြပါတယ်။ ဒါကြောင့် ကိုယ်လုပ်တဲ့ လုပ်ရပ်ဟာ ကိုယ့်လူ့အသိုင်းအဝိုင်းကိုပါ သက်ရောက်မှု ရှိပါတယ်။ ဒီတော့ နိုင်ငံတစ်ခု အတိုင်းအတာမှာဆိုရင် နိုင်ငံသားတိုင်း မှန်မှန်ကန်ကန် ပြုမူနေထိုင်ရတော့မှာပါ။ ဒါမှ ကိုယ့်နိုင်ငံ အရှက်မရမှာ မဟုတ်လား။ ဒါဟာ ဒီရွှေ့ပြောင်းမြန်မာအသိုင်းအဝိုင်းတွေအတွက်လည်း အကျုံးဝင်ပါတယ်။ အထူးသဖြင့် အစောပိုင်းမှာ ရွှေ့ပြောင်းခဲ့ကြတဲ့ ပထမမျိုးဆက်တွေနဲ့ နိုင်ငံခြားမှာ နေထိုင်နေသူတွေအတွက်ပေါ့။ အိမ်ရဲ့ အဝေး ရောက်နေတဲ့အခါ အကြောင်းရင်း အမျိုးမျိုးနဲ့ အိမ်က ထွက်ခွာလာတဲ့အခါ နိုင်ငံတွင်းက လူတွေနဲ့ တစ်သားတည်း ရှိကြောင်း ပြနိုင်ဖို့ဆိုတာ လူမှုကွန်ယက်မီဒီယာပေါ်က လုပ်ဆောင်မှုတွေကတစ်ဆင့် ဖော်ပြတဲ့ နည်းလမ်းတစ်ခုသာ ကျန်တတ်ပါတယ်။ ဒီလိုမျိုး ရွှေ့ပြောင်းအသိုင်းအဝိုင်းတွေကြား ကိုယ့်ရဲ့ နိုင်ငံသားအဖြစ် ပါဝင်လှုပ်ရှားနေမှု သင်္ကေတတစ်ရပ်အနေနဲ့ လူမှုကွန်ယက်မီဒီယာကို အသုံးပြုတာဟာ အသစ်လည်း မဟုတ်သလို မြန်မာနိုင်ငံ တစ်ခုတည်းလည်း မဟုတ်ပါဘူး။ မိခင်တိုင်းပြည်က နိုင်ငံရေးနဲ့ ပတ်သက်တဲ့ ရွှေ့ပြောင်းအသိုင်းအဝိုင်းရဲ့ လှုပ်ရှားမှုတွေကို ရည်ညွှန်းပြီး မနုဿဗေဒသုတေသီ Benedict Anderson ခေါ်ဝေါ်သုံးနှုန်းထားသလို “အဝေးရောက် နိုင်ငံချစ်စိတ် (long-distance nationalism)”ကို ဖော်ပြဖို့ လူမှုကွန်ယက်မီဒီယာကျေးဇူးနဲ့ ပိုပြီး သက်သာလွယ်ကူလာတာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံအကြောင်း ဘာမှ ပို့စ်လည်း မတင်၊ ပြန်ပြီးတောင် မမျှဝေဘူးဆိုရင် မြန်မာနိုင်ငံက ဟုတ်သေးလား။ လေကြောင်းတိုက်ခိုက်မှု ဒီဂျစ်တယ် ကမ်ပိန်းတချို့က ညွှန်ကြားထားသလို အပြာရောင် အင်္ကျီဝတ်ပြီး လက်သုံးချောင်း ထောင်ထားတဲ့ ကိုယ့်ဓာတ်ပုံကို မတင်ဘူးဆိုရင်၊ Zoom အွန်လိုင်းဆန္ဒပြပွဲတွေကို မတက်ဘူးဆိုရင်၊ ကလစ်တူဒိုနိတ် (click to donate) [ငွေကြေးထောက်ပံ့မှု] မှာ မြန်မာနိုင်ငံအတွက် မပါဝင်နေဘူးဆိုရင် မြန်မာပြည်ကို ဂရုစိုက်ရာရော ကျသေးရဲ့လား။
လိုက်ခ် ၁ သန်း ရှိသည့် ကလစ်တူဒိုနိတ် (click to donate) ဖေ့စ်ဘွတ်ခ် စာမျက်နှာ၊ ဤကမ်ပိန်းသည် ဝဘ်ဆိုဒ် ဝင်ရောက်မှုအား မြှင့်တင်ပြီး ထိုမှ ရသော အကျိုးအမြတ်ကို တော်လှန်ရေးအတွက် လှူဒါန်းဖို့ ရည်ရွယ်ချက်ဖြင့် အင်တာနက်အသုံးပြုပြည်သူများအား အချို့သော ဝဘ်ဆိုဒ်များကို ကလစ်နှိပ်ကြည့်ရှုကြရန် ဖိတ်ခေါ်ထားသည်။ Click2donate ၏ စခရင်ရှော့ပုံ ဒီဆွေးနွေးမှုက မကြာသေးခင်ကမှ ထွက်ပေါ်လာတာပါ။ ၂၀၂၃ ခုနှစ် သင်္ကြန်ပွဲမတိုင်ခင်မှာ စစ်တပ်က စစ်ကိုင်းတိုင်းဒေသကြီး၊ ပဇီကြီးကျေးရွာကို အကြီးအကျယ် ဗုံးကြဲ တိုက်ခိုက်ပြီး အရပ်သား အမြောက်အများ သေကြေပျက်စီးခဲ့ပါတယ်။ လူတွေက သတ်ဖြတ်ခံခဲ့ရသူတွေကို ကြေကွဲလွမ်းဆွတ်တဲ့အနေနဲ့ သူတို့ရဲ့ ပရိုဖိုင်ဓာတ်ပုံတွေကို အနက်ရောင် ပြောင်းခဲ့ကြပါတယ်။ လူမှုကွန်ယက်မီဒီယာဟာ မတူညီတဲ့ အမြင်တွေကို အစွန်းနှစ်ဖက် အုပ်စုကွဲစေပြီး အခြား တိမ်မယောင်နဲ့ နက်တဲ့ ရှုထောင့်အမြင်အမျိုးမျိုးအတွက် နေရာပေးလေ့ မရှိပါဘူး။ အဲဒီတော့ ပရိုဖိုင် ပြောင်းလား မပြောင်းလား ဆိုတာပဲ ဖြစ်လာပါတော့တယ်။ မပြောင်းဘူးဆိုရင် သေဆုံးသွားတဲ့ လူတွေအကြောင်း ဂရုမစိုက်တာပဲ၊ သွေးအေးသွားတာပဲလို့ အဓိပ္ပာယ် သက်ရောက်လာပါတယ်။ ဘာလို့ဆို ဒါလေး ပြောင်းတာဟာ မပင်ပန်းတဲ့ ကိစ္စလေးမို့လို့ဆိုပြီးပေါ့။ အဲဒီတော့ လူမှုကွန်ယက်မီဒီယာကို ကြည့်မယ်ဆိုရင် ဒါဟာ လူတွေအတွက် အသုံးပြုစရာ နည်းလမ်းကိရိယာတစ်ခု သက်သက် မဟုတ်တော့ဘဲ ဘဝထဲကို အတော် နက်နက်ရှိုင်းရှိုင်း ဝင်ရောက်နေပြီလို့ ဆိုရတော့မှာပါ။
VR – လူတွေ လူမှုကွန်ယက်မီဒီယာကို သုံးသင့်တယ်လို့ ထင်ပါသလား။
ခြူးမေပိုင် – ဘယ်သူတစ်ဦးတစ်ယောက်ကိုမှ ကျမ လူမှုကွန်ယက်မီဒီယာ သုံးသင့်တယ်၊ မသုံးနဲ့တော့လို့ ညွှန်းလို့ မရပါဘူး။ အဖြေထုတ်ပေးတာဟာ မနုဿဗေဒသုတေသီတစ်ဦးအနေနဲ့ ကျမ ရှိရမယ့် နေရာမဟုတ်ပါဘူး။ ဒါပေမဲ့ ယဉ်ကျေးမှုနှင့် စပ်ဆိုင်နေတဲ့ ပုံစံတစ်ခုအဖြစ် ဒါတွေကို ဆက်လက်လေ့လာစရာတွေ အများကြီး ရှိသေးတယ်လို့တော့ ပြောနိုင်ပါတယ်။ ပလက်ဖောင်းတွေ အမျိုးမျိုးဟာ လူအမျိုးမျိုးကို ဆက်သွယ်ဖို့ နေရာပေးထားပါတယ်။ မြန်မာနိုင်ငံဆိုတာကလည်း လူမျိုးစု အမြောက်အများနဲ့ စုပေါင်းထားတာ ဖြစ်တဲ့အတွက် သူတို့အားလုံးမှာ ကိုယ်ပိုင် ဖေ့စ်ဘွတ်ခ် ချန်နယ်တွေ ဘာသာစကားကိုယ်စီနဲ့ ရှိနေကြပါတယ်။ ထိုင်းလူမှုကွန်ယက်မီဒီယာဟာ အိန္ဒိယလူမှုကွန်ယက်မီဒီယာနဲ့ လည်ပတ်ပုံချင်း တစ်ထပ်တည်း မတူနိုင်သလို ဗမာ လူမှုကွန်ယက်မီဒီယာသည်လည်းပဲ ကချင် သို့မဟုတ် ကညော လူမှုကွန်ယက်မီဒီယာနဲ့ ပုံစံတူ လည်ပတ်နေမှာ မဟုတ်ပါဘူး။
“ငါတို့က ကြားနေဆိုတဲ့ ကောင်တွေ၊ နေချင်ရင် ဘောကြားနေ” နုနု၏ စခရင်ရှော့ပုံ အဆိပ်အတောက်ဖြစ်နေတာမှန်ပေမဲ့ ဒါ လူမှုကွန်ယက်မီဒီယာ သက်သက်ပဲ၊ အချင်းချင်း ဆက်သွယ်ဖို့ ကြားခံတစ်ခု သက်သက်ပဲလို့ ကျမတို့ ပြောလိုက်လို့ မရပါဘူး။ ဘာလို့ဆို ဒါက မြန်မာပြည်သူတွေအတွက် နေ့စဉ်ဘဝ လူမှုရေး၊ ယဉ်ကျေးမှုနဲ့ နိုင်ငံရေးအရ အပြန်အလှန်ဆက်ဆံရာ လူမှုဇာတ်ခုံကြီးတစ်ခု ဖြစ်သွားပြီဆိုတော့ နေ့စဉ် လူမှုနိုင်ငံရေးဘဝမှာ လူမှုကွန်ယက်မီဒီယာပေါ်မှာ ဘာတွေ ဖြစ်နေလဲဆိုတာကို မစစ်ဘဲ ပို့စ်မတင်ဘဲ မဆွေးနွေးဘဲ နေ့လို့ ရတဲ့ နေ့ မရှိသလောက် ဖြစ်နေပြီမို့ပါ။
လူမှုကွန်ယက်မီဒီယာ တက်ကြွလှုပ်ရှားမှု လုပ်မယ်ဆိုရင် စောင့်ကြည့်ထိန်းချုပ်မှုကို အခြေခံတဲ့ အရင်းရှင်စနစ်ရဲ့ စိန်ခေါ်မှုတွေ ရှိနေပါတယ်။ ဖေ့စ်ဘွတ်ခ်ပေါ်မှာ ပြောလိုက်တာလေးကြောင့် ပို့စ်ရဲ့ စခရင်ရှော့ကြောင့် အဖမ်းခံရနိုင်ပါတယ်။ ဒါပေမဲ့ လုံးဝ မသုံးလို့လည်း မရပြန်ပါဘူး။ ဖေ့စ်ဘွတ်ကို မသုံးရင် မိသားစုနဲ့ ဘယ်လို ဆက်သွယ်ကြမလဲ၊ သူတို့ နေနေတဲ့ နိုင်ငံကို ဘယ်လို မျက်ခြေမပြတ် စောင့်ကြည့်လို့ ရမလဲ။